ကသာမြို့ထဲဝင်ခွင့်မပြုသေးသော်လည်းဒေသခံများနေရပ်ပြန်

စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်ဝင်ရောက်ခွင့်မပြုသေးသော်လည်း မြို့ခံအများ အပြား ဒီရက်ပိုင်းအတွင်းမှာဘဲနေရပ်ပြန်လာကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကသာမြို့ခံတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ် မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစလို့ ဘေးလွှတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနှစ်သစ်ကူးကာလအတွင်းကနေ ဒီနေ့အထိ ကသာမြို့ထဲကိုမြို့ခံတွေအများအပြားပြန်ဝင်ရောက်လာကြပြီး ကာကွယ်ရေးတပ်တွေဘက်ကတော့မြို့ထဲကိုပြန်ဝင်ခွင့်မပြုသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

ဘေးလွှတ်ရာမှာထွက်ပြေးတိမ်းရှောင်နေဆဲ ကသာမြို့ခံအမျိုးသမီးတစ်ဦးကကသာကလူတွေတော်တော်များများဝင်ကြတယ် ရှောင်တဲ့ စစ်ရှောင်တွေပြန်ဝင်ကြတဲ့အခါ pdf တွေက အဝင်မခံဘူးတဲ့။ တစ်ချို့ သူတို့မရှိတဲ့အချိန်ဝင်သွားနိုင်ခဲ့တယ် တချို့ကအခုထိလမ်းခုလပ်မှာမဝင်ရလို့ဒေါသထွက်နေတဲ့သူတွေရှိတယ် ကသာအရှေ့ဖက် ကမ်းကနေဝင်သူတွေကတော့ဝင်လို့ရတယ် လို့ လက်ရှိအခြေနေကို သူမကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကဘဲ ထီးချိုင့်မြို့ကိုမကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်ကြောင်းနဘေးကကျေးရွာတွေအတိုင်း ကသာမြို့ကိုဝင်ရောက်သွားပြီး မြို့စောင့်တပ် ခမရ ၃၀၉ တပ်ထဲဝင်သွားပြီလို့ သိရပါတယ်။

အဲ့ဒီစစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အင်အား စစ်ကား ၂၂ စီးခန့်ရှိပြီး အရင်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ကသာမြို့ဧရာဝတီမြစ်ဘေးတစ်လျှောက်က ကျေးရွာတွေကိုလည်း စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်လိုက်သလို တပ်ဖွဲ့ တွေကို လည်းကျေးရွာတိုင်းမှာလိုလို အထိုင်ချထားတယ်လို့သိရပါတယ်။

ကာကွယ်ရေးတပ်တွေဘက်ကတော့ အခုလို စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်လာသလို ဒေသခံတွေလည်း ခပ်စိပ်စိပ် မြို့ထဲဝင်ရောက်လာတဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။

ကသာမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဝင်သွားတဲ့သူတွေအနေနဲ့လည်းတော်တော်အန္တရာယ်များပါတယ်။ စစ်ကောင်စီဘက်ကတော့ ပြည်သူတွေဝင်လာတယ်ဆိုရင် ကျနော်တို့တော်လှန်ရေးဘက်ကအဖွဲ့အစည်းတွေက တိုက်ခိုက်ဖို့ခက်ခဲသွားမယ်ပေါ့ အဲ့တော့ လူသားဒိုင်းအသွင်ဖန်တီးပြီးတော့ သူတို့က ဝါဒဖြန့်ချီပြီး အရပ်သားတွေဝင်လာအောင်လုပ်တဲ့သဘောပါဘဲလို့သူကသုံးသပ်ပါတယ်။

တစ်ဖက်မှာ စစ်ကော်မရှင်တပ်ထောက်ခံတဲ့ မီဒီယာတွေနဲ့ ချန်နယ်လ်တွေကနေတစ်ဆင့် ကသာမြို့ကိုစစ်ကော်မရှင်က အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနဲ့ မြို့ထဲကိုဒေသခံအများအပြားဝင်ရောက်လာကြပြီဖြစ်လို့ ဝင်ရောက်လာလို့ရပြီ ဖြစ်ကြောင်း ဝါဒဖြန့်မှုတွေဆက်တိုက်လုပ်နေတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။

ဒါပေမဲ့ ကသာမြို့ကိုဝင်ရောက်လာတဲ့ ဒေသခံတွေရဲ့လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ KNG ကအတည်ပြုဖို့ ခက်ခဲ နေပြီး မြို့ကိုမဝင်ဘဲထွက်ပြေးတိမ်းရှောင်နေဆဲဒေသခံတွေဟာလည်း အများအပြားရှိနေသေးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက် အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာဧရာဝတီမြစ်ရေတက်ချိန်ဖြစ်တဲ့ မိုးတွင်းကာလတိုင်းကိုမြစ်ကြောင်းကို အသုံးချကာ မန္တလေးမြို့ကနေ ဗန်းမော်မြို့အထိ နှစ်စဥ်နှစ်တိုင်းလိုလို စစ်သင်္ဘောကြီးတွေနဲ့ လေကြောင်းအင်အားပါအသုံးပြုကာ စစ်လက်နက်ရိက္ခာတွေတင်ပို့လေ့ရှိတာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုလို ကချင်ပြည်နယ်ရဲ့ဝင်ပေါက်လည်းဖြစ်တဲ့ စစ်ကိုင်းကချင်အစပ်ကိုထိန်းချုပ်ဖို့ကြိုးစားလာတာလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောကြပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button