အင်းတော်စစ်ရေးကြောင့် ဆေးဝါးနှင့်ရိက္ခာများကြိုတင်ပြင်ဆင်ထားရန် IR အဖွဲ့သတိပေး
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုးနိုင်တဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဆေးဝါး၊ရိက္ခာနဲ့ အရေးကြီးပစ္စည်းတွေထုပ်ပိုး ပြင်ဆင်ကြဖို့ Indaw Revolution ( IR) အဖွဲ့အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာဘဲ ကသာမြို့ကို ထီးချိုင့်မြို့ကစစ်ကော်မရှင်စစ်ကြောင်းတွေ ဝင်ရောက်လာပြီးတဲ့နောက် အင်းတော် မြို့ကိုလည်း တစ်ဆက်တည်းစစ်ကြောင်းထိုးမှာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
ဧပြီလ ၂၁ ရက်နေ့ မနေ့က နေ့လည်ပိုင်းလောက်မှာဘဲ အင်းတော်မြို့နယ်အတွင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Indaw Revolution IR အဖွဲ့က ကသာမြို့ကို စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးဖို့သေချာသလောက်ရှိနေပြီဖြစ်ကြောင်းနဲ့ ဒေသခံတွေ အထုပ်အပိုးပြင်ဆင်ကြဖို့ သတိပေးထုတ်ပြန်ခဲ့တာပါ။
“မိဘပြည်သူများခင်ဗျာ။ အင်းတော်မြို့နယ်ကို စစ်ကြောင်းထိုးဖို့အတွက် သေချာသလောက်တော့ရှိနေပါပြီ။ ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန်တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် မိဘပြည်သူများ အရေးပေါ် ဆေးဝါးရိက္ခာနဲ့ လိုအပ်တဲ့အရေးကြီးပစ္စည်းများထုတ်ပိုးပြင်ဆင်ထားသင့်ပါတယ်”လို့ Indaw Revolution IR အဖွဲ့က ထုတ်ပြန်ရေးသားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်လ်တွေနဲ့ မီဒီယာတွေကလည်း အင်းတော်မြို့ကိုမကြာခင် စစ်ကြောင်းဝင်ရောက်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထုတ်ပြန် ဝါဒဖြန့်နေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ဒီအခြေနေတွေကိုအတည်ပြုနိုင်ဖို့အတွက် စစ်ကိုင်းနဲ့ကချင်အစပ်ကမှာတာဝန်ယူဆောင်ရွက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာအခုလိုပြောပါတယ်။
“ကသာအခြေနေကတော့ ထီးချိုင့်ကနေ လာပေါင်းတဲ့အဖွဲ့က စစ်ကော်မရှင်ရဲ့ကားတန်း ၂၂ စီးပေါ့ အဲ့တာက ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာ ၃၀၉ တပ်ရင်းထဲကိုဝင်သွားပြီပေါ့။ အဲ့တာဝင်သွားပြီးတော့ ဒီလာမယ့်ရက်ပိုင်းမှာ အင်းတော်ကို အပြတ်ဝင်မယ်ဆိုပြီး ကြုံးဝါးထားတဲ့အတိုင်းအတာရှိတာပေါ့”လို့ဆိုပါတယ်။
ကသာမြို့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒီကနေ့မနက်ပိုင်းအထိအဆက်အသွယ်ရချိန်မှာတော့ ကသာြမို့ကနေ အင်းတော်မြို့ကို စစ်ကော်မရှင်တပ်များစစ်ကြောင်းထိုးမယ်ဆိုတာ သတင်းသာကြားရပြီး လက်တွေ့မှာလှုပ်ရှားမှုတွေတော့မရှိသေးဘူးလို့ သိရပါ တယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်မှာ ဧရာဝတီမြစ်ကမ်းနဘေးက သူတို့လက်လွှတ်ခဲ့ရတဲ့မြို့တွေကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး မန္တလေးတိုင်းထဲက တကောင်းမြို့၊ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့အပါအဝင်၊ မြို့သိမ်းတိုက်ပွဲဖြစ်ပွား နေဆဲ ကသာမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတွေအတော်များများကို ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ဒေသခံတွေကဆိုပါတယ်။
စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကော်မရှင်တပ်ဟာ မန္တလေး–စစ်ကိုင်း–ကချင်ပြည်နယ်အထိကို ရိက္ခာတင်ပို့ နိုင်တဲ့ ဧရာဝတီမြစ်ကြောင်းကိုပြန်လည်ထိန်းချုပ်ကာ စစ်ကိုင်းနဲ့ကချင်အစပ်ကလက်လွှတ်ခဲ့ရတဲ့ဒေသတွေကို ပြန်လည်ထိန်းချုပ် ဖို့ကြိုးပမ်းလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
By – အမိုး




