Transformer ကြိုးခိုးမခံရအောင် စောင့်ကြည့်ကြဖို့ ဘူးဂါးရုံးသတိပေး
မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ နှစ်ပတ်အတွင်း transformer ကြိုးခိုးမခံရအောင်သတိထားစောင့်ကြည့်ကြဖို့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေကနေပြီးတော့ သတိပေးနိုးဆော်ထားပါတယ်။
Transformerတွေမှာ အသုံးပြုတဲ့ ကြိုးတွေကို များသောအားဖြင့် ကြေးနီတွေနဲ့ လုပ်ထားပြီး တန်ဖိုးလည်းရှိတာဖြစ်တဲ့အတွက် သူခိုးတွေလည်း မကြာခနခိုးဖြုတ်တတ်တာကြောင့်သတိထားကြဖို့ ဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“အားလုံးသတိထားကြရအောင်။ သူခိုးတွေက မီးမလာရင် အဲတာတွေကိုဘဲ ချောင်းနေကြတာ။ အကုန်လုံးအတူတကွ စောင့်ကြည့်ကြပြီး ရိုင်းပင်း ကူညီကြမှသာ ပစ္စည်းတွေက မပျောက်မှာ ဖြစ်တယ်”ဆိုပါတယ်။
Transformer မှာ အသုံးပြုတဲ့ ကြေးနီကြိုးတွေဟာ ရှားပါးနေတဲ့အပြင် တကယ်လို့ အခိုးခံရပြီး ပြန်လည်ပြုပြင်ပါက ကျပ်သိန်း သုံးလေးဆယ်သာမက ဆယ်ကြီးပိုင်း ကုန်ကျနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် transformer မှာ အသုံးပြုတဲ့ ကြေးနီကြိုးတွေသာမက ဓာတ်တိုင်တွေပေါ်က မီးကြိုးတွေ၊ နေအိမ်တွေဘက်ကို သွယ်ထားတဲ့ service ကြိုးတွေအခိုးမခံရဖို့ ပြည်သူတွေကို သတိပေးနှိုးဆော်ထားပါတယ်။
မြစ်ကြီးနားမြို့မှာတော့ transformer အလုံး ၅၀၀ကျော်ရှိတာဖြစ်ပြီး transformerတွေကိုတော့ ရပ်ကွက်တွေအကြီးအသေးအပေါ်မှာ မူတည်ကာ ဖြန့်ဖြူးဆောက်လုပ်ထားတာ ဖြစ်တယ်လို့ ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူကနေ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်တွင်း အသုံးပြုတဲ့ transformerတွေဟာ kVA (kilovolt-ampere) ၅၀ကနေ ၄၀၀ကြားရှိတာ ဖြစ်ပြီး ၁၀၀kvaရှိတဲ့ transformerတစ်ခုက အိမ်ခြေ ၈၀ကနေ ၁၀၀ကြား အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ၁၀၀kvaရှိတဲ့ transformerတစ်ခု အခိုးခံရပြီး ပျက်စီးသွားပါက အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် မီးပျက်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒီဖေဖော်ဝါရီလ တစ်ပတ်ကျော် အတွင်းမှာဘဲ လျှစ်စစ်မီးကြိုးခိုးတဲ့ ဖြစ်စဉ် ၃ ခုထိ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆိုးဆုံးကတော့ လယ်ကုန်း ဇီးလွန် ကွက်သစ်ဘက်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အပတ်မှာ မီးကြိုးသူခိုးတွေက လယ်ကုန်း၊ ဇီးလွန်ကွက်သစ်ဘက်က အိမ်ခြေအများစုကို မီးကြိုးသွယ်ပေးတဲ့ Transformer စက်ကြီးကနေ မီးကြိုးကြီးတွေအားလုံးကိုခိုးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လျှပ်စစ်မီးပြန်လာဖို့အတွက် ကျပ်သိန်း ၆၀ အကုန်ကျခံကာ တစ်အိမ်ကို ၅သောင်းကျပ်နှုန်းနဲ့ လျှပ်စစ်ကြိုးအသစ်တွေကို ပြန်လည် တပ်ဆင်ပြီး ပြုပြင်ခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေ ဆီကနေသိရပါတယ်။
ခုလို လျှပ်စစ်မီးကြိုး အခိုးခံရတာနဲ့ ပက်သက်ပြီး လယ်ကုန်း မလိယန်ရပ်ကွက်က အမျိုးသမီးတစ်ဦး ပြောပြတာကတော့
“ကျွန်မတို့ဘက်ကတော့ ဆိုင်ကယ်နဲ့ တခြားပစ္စည်းတွေခိုးတာထက် မီးကြိုးအခိုးခံရတာက ပိုများနေတယ်”လို့ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်နေ့က တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် serviceကြိုးတွေအခိုးခံခဲ့ရသလို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာလည်း လယ်ကုန်းရပ်ကွက် နယ်မြေ ၃မှာလည်း serviceမီးကြိုးတွေ ပြန်အခိုးခံလိုက်တယ်လို့ သိရပါတယ်။
ခုလို မီးကြိုးတွေအခိုးခံရမှုတွေကြောင့် အနည်းဆုံး အိမ်ခြေ ၅ခုလောက်ကတော့ လျှပ်စစ်မီးတွေ ပျက်ခဲ့ရသလို ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ခုလို အမှောင်ကျနေတဲ့ အချိန်တွေမှာ ခိုးလေ့ရှိတဲ့ သူခိုးတွေအတွက်ကတော့ လျှပ်စစ်မီး မကြာခန ပြတ်တောက်တာတွေဟာ အားသာချက်လို ဖြစ်နေပါတယ်။
လျှပ်စစ်မီးကြိုးခိုးတာတွေအပြင် အိမ်ထဲက အဖွဲ့လိုက် ဆိုင်ကယ်ဝင်ခိုးတာတွေ၊ ရပ်ကွက်တွေထဲက ပေါ်ပေါ်တင်တင် ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာ လုယက်တာတွေကိုပါ ဆက်တိုက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ခိုးဆိုးလုယက်သူတွေဟာ ပိုမိုအတင့်ရဲလာတဲ့အတွက် မြစ်ကြီးနားမြို့က အပြစ်မဲ့ပြည်သူတွေအတွက်ကတော့ လုံခြုံမှုမရှိသလို ပိုမို ခံစားလာရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။
KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေကို သေချာ အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေကနေပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
By – Hope




