ထီးချိုင့်မြို့ထဲ ယာဉ် ၃၀၀ ကျော် ဝင်လာပြီးနောက် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်ဖို့ ပြင်ဆင်လာ
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ထဲကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က အိမ်စီးကား၊ Express ကားတွေအပြင် စစ်ကားတွေပါဝင်တဲ့ ယာဉ်အစီးရေ ၃၀၀ ကျော် ဝင်ရောက်လာခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဆိုပါယာဉ်တန်းဟာ စစ်ရေးလှုပ်ရှားမှုတစ်ခုတည်းမဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေပါ တပြိုင်နက် ဝင်ရောက်လာတဲ့ပုံစံမျိုး မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးကတော့ ဝင်ရောက်လာတဲ့ယာဉ်တန်းထဲမှာ စစ်ကားတွေသာမက ပြန်လည်တာဝန်ထမ်းဆောင်မယ့် ကျောင်းဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ကားတွေ၊ အိမ်စီးကားတွေပါ ပါဝင်လာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်ကားတွေကြည့်ပဲမဟုတ်ဘူး။ ဝန်ထမ်းကားတွေ ဒီမှာပြန်လာတာဝန်ထမ်းဆောင်မယ့် ကျောင်းဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်း တွေ၊ ရုံးဝန်ထမ်းတွေပေါ့။ အိမ်စီးကားတွေလည်း တခါတည်းညှပ်ပြီး လိုက်ခဲ့တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ထောက်ခံတဲ့ Telegram ချန်နယ်တချို့မှာတော့ ထီးချိုင့်မြို့ကို ပြန်လည်တည်ဆောက်ဖို့နဲ့ မြို့ပြယန္တရား တွေ ပြန်လည်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာတွေ စတင်ဝင်ရောက်နေပြီလို့ ရေးသားဖော်ပြနေကြပါတယ်။

အဲ့ဒီ ချန်နယ်တွေမှာ စာသင်ကျောင်းတွေကို အမြန်ဆုံးပြန်ဖွင့်သွားမယ်၊ ဆေးရုံဆေးခန်းတွေကို ပြန်လည်ပြင်ဆင်ဖွင့်လှစ်သွားမယ် လို့ ရေးသားထားသလို တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မြို့ပြအဆောက်အအုံတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ပြန်လည်တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က ကသာ၊ အင်းတော်အပါအဝင် ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ မော်လူးမြို့ကိုပါ ပြန်လည်ထိန်းချုပ်ထား နိုင်တဲ့အခြေအနေကြောင့် အခုဝင်ရောက်လာတဲ့ယာဉ်တန်း ၃၀၀ ကျော်ဟာ ထီးချိုင့်တင်မဟုတ်ဘဲ အဆိုပါမြို့တွေအထိ ဆက်လက်သွားရောက်ဖို့ ဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းနေကြပါတယ်။
ဒေသခံတစ်ဦးကတော့ “ထီးချိုင့်ကတစ်ဆင့် ကသာလည်းသွားလောက်တယ်။ အင်းတော်လည်းသွားလောက်တယ်။ သူတို့ထိန်းချုပ်ပြီးသားနယ်မြေ တွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်ဖော်ဆောင်ဖို့ လုပ်တာဖြစ်နိုင်တယ်။ အခုလောက်ကြီး မြန်မြန်လုပ်လိမ့်မယ်လို့တော့ မထင်ထားဘူး” လို့ ပြောပါတယ်။
ထီးချိုင့်မြို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ဒေသတစ်ခုဖြစ်ခဲ့ပြီး မြို့ပေါ်နဲ့ အနီးဝန်းကျင်နေရာတွေမှာ စစ်ရေးတင်းမာ မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီနောက် ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်လောက်မှာ စစ်တပ်ဘက်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း လက်ရှိမှာ တော့ အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်ဝင်လာဖို့ ပြင်ဆင်တဲ့အခြေအနေတွေကို ပိုပြီးမြင်တွေ့လာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ထီးချိုင့်မြို့အတွင်း အုပ်ချုပ်ရေးပိုင်း ပြန်လည်လည်ပတ်လာမယ့်အခြေအနေတွေ မြင်တွေ့လာပေမယ့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုအချို့ ဆက်ရှိနေဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေကိုတော့ စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။
By – အမိုး




