ထောက်ပံ့ပွဲ ခေါင်းစဉ် နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း စည်းရုံးမှုတွေ ဆက်လက်လုပ်ဆောင်နေ

ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ မြစ်ကြီးနားမြို့ပေါ်  ရပ်ကွက်တွေမှာ ထောက်ပံ့ ပေးအပ်ပွဲခေါင်းစဉ် နဲ့ မြစ်ဆုံရေကာတာ စီမံကိန်း လုပ်ဆောင်နိုင်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ဗိုလ်တွေ ခန့်အပ်တဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့တွေဟာ ရပ်ကွက်တွေမှာ ပြည်သူတွေကို ဆန်ထောက်ပံ့ပြီး၊ ဒေသတွင်း လိုအပ်ချက်ကို တင်ပြခိုင်းပြီးနောက် အဓိက မြစ်ဆုံရေကာတာစီမံကိန်းလုပ်ဖို့ သဘောတူ၊ မတူ မေးမြန်းကာ လိုက်လံစည်းရုံး နေတာပါ။

ဘာအစည်းအဝေးလည်း မသိဘူးဆိုပြီး တစ်ရပ်ကွက်လုံးက လူတွေ လာကြည့်ကြ စုရင်းစုရင်းနဲ့ များသွားတယ်။ အဲမှာ ဆန်အိတ်တွေလည်း ထားထား၊ အမှိုက်ပုံးတွေနဲ့ ထားထားတာကိုတွေ့တော့ အော် ထောက်ပံ့ပေးဝေနေတယ်လို့ပဲ ခံယူလိုက်ကြတယ်လေ။ မြစ်ဆုံစီမံကိန်းအတွက်လို့သာ သိလို့ကတော့ ဘယ်သူမှ မသွားပါဘူး။ အခုက ဘယ်သူမှဘာမှမသိပဲ အစည်းအဝေးလို့ပဲခေါ်ပြီး အဲလိုလုပ်တာ ဟုတ်တယ်။ လို့ အစည်းအဝေးမှာ ပါဝင်ခဲ့သူ မြစ်ကြီးနား ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

မေလ ၂ ရက်နေ့က မြစ်ကြီးနား ပလန ရပ်ကွက် ခန်းမဆောင်မှာ ရပ်ကွက်နေပြည်သူတွေကို ခေါ်ယူ စုဝေးထားပြီး ထောက်ပံ့ပေးအပ်ပွဲ ခေါင်းစဉ် နဲ့ ဆန်အိတ် ၅၀ ကို လူ ၅ ယောက် မှာ ဆန် ၁ အိတ် နှုန်းနဲ့ ပေးဝေခဲ့ပြီးနောက် မြစ်ဆုံရေကာတာ တည်ဆောက်ဖို့ စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ် ဝန်ကြီးတွေက ဦးဆောင်ပြီး ရဲတပ်ဖွဲ့များ နဲ့ လက်နက်အပြည့် ကိုင်ဆောင်ထားတဲ့ စစ်သားတွေက ဘေးပတ်ဝန်းကျင်မှာ စောင့်ကာ ပြုလုပ်သွားတဲ့ အဲဒီစည်းရုံးပွဲအကြောင်း ဒေသခံတစ်ဦးက အခုလို ပြန်ပြောပြ ပါတယ်။

အစပိုင်းမှာတော့ လမ်းလုပ်ဖို့တွေ၊ ကိုယ့်ဒေသတွင်း ဘယ်မှာ ဘာတွေလိုအပ်နေသလဲ ဆိုတာတွေ၊ ဆေးပေးခန်းတွေမှာ လိုအပ်ချက်တွေ၊ ဆရာ၊ဆရာမလိုအပ်ချက်တွေ စတာတွေကို အရင်ဆုံး တင်ပြခိုင်း ပြောပြခိုင်းပြီး အားလုံးပြောဆိုပြီးစီးခါမှ မြစ်ဆုံအကြောင်း ပြောလာပြီလေ မြစ်ဆုံရေကာတာပြုလုပ်ဖို့ဖြစ်တယ် သဘောတူကြလား လို့မေးတော့ ဒီဘက်ကလည်း သဘောတူတယ်၊ မတူဘူးလို့ အော်သူကအော် အဲမှာ ရဲတွေ၊ စစ်သားတွေနဲ့ဆိုတော့ ကြောက်လို့ လိုက်အော် ပေးလိုက်သလိုမျိုးလည်း ဖြစ်သွားတာပေါ့။ ပြီးတော့ ခက်ထိန်နန် သူပြန်ခါနီး ကလေးတွေကို တစ်သောင်းတစ်သောင်းလည်း ထုတ်ပေးသွားတယ်။ မြစ်ဆုံအကြောင်း ပြောမယ် စသိတော့ ပြန်ထွက်လည်းမဟုတ်၊ မပြန်လည်း မဟုတ် အဲအပြင်မှာက သေနတ်တကားကားနဲ့ ဆိုတော့ ဘယ်သူမှ မထပြန်ရဲတော့ဘူးလေ” လို့ ပြောပါတယ်။

 အဲဒီနေ့က စည်းဝေးပွဲမှာ ပလန အုပ်စုထဲက ရပ်ကွက်နေ ပြည်သူတွေ ရာဂဏန်း လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလတုန်းက တပ်ကုန်းရပ်ကွက်မှာ မြစ်ဆုံစီမံကိန်း နဲ့ ပတ်သက်ပြီး စည်းဝေးဖိတ်ကြားခဲ့ပေမယ့် လာရောက်သူမရှိဘဲ ပွဲပျက်သွားတာကြောင့် အခြားရပ်ကွက်တွေမှာတော့ အခုလို ထောက်ပံ့ပွဲ ခေါင်းစဉ်တစ်မျိုးနဲ့ ထပ်မံလုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ 

မေလ ၇ ရက်နေ့မှာလည်း မြစ်ကြီးနားမြို့  ပြည်နယ် မိုးလုံလေလုံ အားကစားခန်းမ မှာ ဒေသခံ စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်းများကို ခေါ်ယူစည်းဝေးပြီး မြစ်ဆုံရေကာတာစီမံကိန်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ စစ်ကော်မရှင်ဖက်က တိုက်တွန်းခဲ့ပါတယ်။

မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့တွေမှာ လူထုဆန္ဒ အမှန်တကယ်မဟုတ်သော သဘောထားတွေကို လိုက်ယူပြီး မြစ်ဆုံရေကာတာ ဖြစ်မြောက်ဖို့ ကြိုးပမ်းနေတာတွေ ရပ်တန့်က ရပ်ဖို့နဲ့ မြစ်ဆုံရေကာတာစီမံကိန်းကြီးကို အပြင်းအထန် ဆန့်ကျင်ကြောင်း ကချင်ဒေသခံများနဲ့ ကချင်အရပ်ဘက်အဖွဲအစည်းပေါင်း (၄၉) ဖွဲ့ က မေလ ၅ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ဆန့်ကျင်တဲ့သူတစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း သူတို့ကတော့ တည်ဆဲ ဥပဒေနဲ့ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ထားပြီးတော့ တစ်ဖက်မှာ စည်းရုံးရေးလုပ်တယ်။ ဘယ်လိုနည်းနဲ့မှ လူထုရဲ့ ဆန္ဒအမှန်ကို ရမှာမဟုတ်ဘူး။ လူတွေကို အမြဲတမ်း ကြောက်စိတ်နဲ့ပဲ အုပ်ချုပ်လာတယ်။ ဒီအရာတွေကို ချက်ချင်းရပ်တန့်ပါ၊ ဒီလိုစည်းရုံးရေးလုပ်နေတဲ့အရာတွေကို ရပ်တန့်ပါ။ မြစ်ဆုံရေကာတာစီမံကိန်းကြီးကိုလည်း မလုပ်ပါနဲ့ ဖျက်သိမ်းပေးပါ။ စစ်အစိုးရရော၊ သူ့ရဲ့လက်ပါးစေတွေရော ရပ်တန့်ကရပ်ဖို့ ကျမတို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ လို့ Kachin Human Rights Watch မှ တာဝန်ရှိသူ ဒေါ်ဆိုင်းမိုင်က ပြောပါတယ်။

မေလ ၅ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်လက်ထက်ကတည်းက ရပ်ဆိုင်းထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကြီးကို အတင်းအဓ္ဓမပြန်လည် စတင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခြင်းက ကချင်ပြည်နယ် ဒေသခံများနဲ့ မြန်မာပြည်သူများရဲ့ သဘောထားကို ဆန့်ကျင်နေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါအပြင် မြစ်ဆုံရေကာတာ စီမံကိန်းသည် ရေအရင်းမြစ်ပျက်စီးစေမည်သာမက ကုန်းနေ၊ ရေနေ၊ ဇီ၀မျိုးစုံ၊ မျိုးကွဲများရဲ့ ဂေဟစနစ်ကို ထိခိုက်စေနိုင်တယ်လို့ သုတေသန ထွက်ဆိုထားချက်တွေလည်း ရှိကြောင်း ဖော်ပြထားပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် လူဦးရေ ၁၂၀၀၀ ခန့်အတင်းအဓမ္မနေရာပြောင်းရွှေ့ခံခဲ့ရတဲ့အပြင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လုပ်ကိုင် စားသောက်လာခဲ့တဲ့ အိုးအိမ်၊ မြေယာတွေလည်း အတင်းအဓမ္မသိမ်းဆည်းခံခဲ့ရပြီး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

လူထုတွေ ကန့်ကွက်နေတဲ့ကြားမှ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်တပ်ခန့် အစိုးရအဖွဲ့တွေဟာ မြစ်ဆုံရေကာတာစီမံကိန်းဖြစ်မြောက်ဖို့ လူထုနဲ့တွေ့ဆုံ စည်းရုံးမှုတွေကို ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီလို့ သိရပါတယ်။ 

အာဏာသိမ်း စစ်ဗိုလ်တွေ ခန့်အပ်ထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ မြစ်ဆုံရေကာတာ စီမံကိန်းဖြစ်မြောက်ဖို့အတွက်  မြစ်ကြီးနားမြို့တွင်း ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်းများ၊ ဘာသာရေးအသင်းအဖွဲ့များနဲ့ ဒေသခံပြည်သူတွေကို တွေ့ဆုံစည်းဝေးမှု ဆက်တိုက်ပြုလုပ်နေပြီး ဝါဒဖြန့်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ကချင်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေတာ ဖြစ်ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကြီးဟာ ကချင်ပြည်နယ်အတွက်သာမက မြန်မာတစ်ပြည်နယ်လုံးကို ထိခိုက်စေမယ့် စီမံကိန်းဖြစ်နေတာကြောင့် ချက်ချင်း ရပ်တန့်ဖို့ ဒေသခံတွေ၊ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ ကန့်ကွက် ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button