မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ ရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာနေပြီး ခရီးသည်တချို့ အလိမ်ခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လေယာဉ်လက်မှတ် အရေးပေါ်လိုအပ်နေသူတွေက ဆိုရှယ်မီဒီယာပေါ်မှာ လက်မှတ်ရှာဖွေနေကြောင်း ရေးတင်တဲ့အခါ လိမ်လည်သူတွေက Messenger ကနေ ဆက်သွယ်လာပြီး လိုချင်တဲ့ရက်အတွက် လက်မှတ်ရနိုင်ကြောင်း ပြောဆိုပြီးရောင်းချပေးနေတယ်လို့ သိရပါတယ်။

ရတယ်၊ ဘယ်နေ့ဖြစ်ဖြစ် ရတယ်တဲ့။ ထွက်မယ့်အချိန်တွေလည်း ကွက်တိပို့ပေးတယ်။ ဒါပေမယ့် ပြန်စစ်ကြည့်တော့ အချက်အလက်တွေ တလွဲဖြစ်နေတာ တွေ့ရတယ်။ အဲဒီတော့ လိမ်နေတာမှန်း သိသွားတာ လို့ အလိမ်ခံရနီးပါးဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဲဒီနောက် ငွေလွှဲပြီး ဝယ်ယူကြရပေမယ့် လက်မှတ်အချက်အလက်တွေကို တရားဝင်ဝက်ဘ်ဆိုက်တွေနဲ့ ပြန်လည်စစ်ဆေးကြည့်ရာမှာ ကိုက်ညီမှုမရှိနေတာကြောင့် လေယာဉ်လက်မှတ်အတုဖြစ်နေမှန်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လိမ်လည်ရောင်းချသူတွေဟာ အဖြစ်မှန်တွေပေါ်ပေါက်ပြီးနောက်ပိုင်းမှာတော့ စာတွေဖျက်သိမ်းခြင်းနဲ့ အကောင့်တွေကို ဘလော့လုပ်တာတွေ ပြုလုပ်သွားကြတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဒီလို လိမ်လည်မှုတွေဟာ ပြီးခဲ့တဲ့ မေလအတွင်း ပိုမိုများပြားလာခဲ့ပြီး အဆိုပါအမျိုးသမီးရဲ့ သူငယ်ချင်း  ဦးခန့်အလိမ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် လေယာဉ်လက်မှတ်ရောင်းချသူ အေးဂျင့်တချို့ကလည်း ခရီးသည်တွေအနေနဲ့ လက်မှတ်ဝယ်ယူတဲ့အခါ တရားဝင်အရောင်းကိုယ်စားလှယ်တွေ၊ လေကြောင်းလိုင်းတွေရဲ့ တရားဝင်စာမျက်နှာတွေနဲ့ သေချာစစ်ဆေးပြီးမှ ဝယ်ယူကြဖို့ သတိပေးနေပါတယ်။

လိမ်လည်တဲ့ပုံစံအားလုံးကို မသိနိုင်ပေမယ့် အလိမ်ခံရတဲ့ဖြစ်စဉ်တွေကိုတော့ လူသိများအောင် ပြန်မျှဝေပေးနေပါတယ်” လို့ လေယာဉ်လက်မှတ်အရောင်းအေးဂျင့်တစ်ဦးက ပြောပါတယ်။

လေယာဉ်လက်မှတ် လိမ်လည်ရောင်းချမှုတွေ များလာတာကြောင့် Air Thanlwin လေကြောင်းလိုင်းကလည်း ခရီးသည်တွေအနေနဲ့ Booking Reference နဲ့ Ticket Number တွေကို တရားဝင်ဝက်ဘ်ဆိုက်မှာ ကိုယ်တိုင်

စစ်ဆေးကြဖို့နဲ့ မသင်္ကာဖွယ် အရောင်းအကောင့်တွေကို သတိထားကြဖို့ မေလ ၂၅ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိ မှောင်ခိုဈေးကွက်မှာ မြစ်ကြီးနားမန္တလေး လမ်းကြောင်း လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ် ၁၃ သိန်းကနေ ၁၅ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး မြစ်ကြီးနားရန်ကုန် လမ်းကြောင်းမှာတော့ ကျပ် ၁၅ သိန်းကနေ ၂၀ သိန်းဝန်းကျင်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

တရားဝင်ဈေးနှုန်းတွေကတော့ မြစ်ကြီးနားမန္တလေး လမ်းကြောင်းမှာ ကျပ်  သိန်းဝန်းကျင်နဲ့ မြစ်ကြီးနားရန်ကုန် လမ်းကြောင်းမှာ ကျပ် ၁၀ သိန်းကျော်သာ ရှိပါတယ်။

ခုလို လက်မှတ်ရှားပါးမှုနဲ့ မှောင်ခိုဈေးကွက် မြင့်တက်လာတာတွေကြောင့် အရေးပေါ်ခရီးသွားလိုသူတွေဟာ လိမ်လည်သူတွေရဲ့ ပစ်မှတ်ဖြစ်လာနေပြီး မြို့ခံတွေကလည်း အချင်းချင်း သတိပေးနေကြသလို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိမ်လည်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။

By – Hope

Show More

Leave a Reply

Back to top button