မူးယစ်ဒိုင်တွေနဲ့ ပတ်သက်တဲ့သတင်းထွက်လာပြီးနောက် နယ်ထိန်းရဲတစ်ချို့ ရွှေ့ပြောင်းခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာပြီးနောက် နယ်ထိန်းရဲတချို့အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါး ရွှေ့ပြောင်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်အတွင်း ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ချို့က မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေကိုထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိသလို၊ မူးယစ်ဒိုင်တချို့ကိုလည်း ကြိုတင်သတင်းပေးကာ ရှောင်တိမ်းခိုင်းတာမျိုးတွေ ရှိနေတယ်ဆိုပြီး ဖော်ပြရေးသားခဲ့ကြပါတယ်။
အဲဒီသတင်းတွေ ထွက်ပေါ်လာပြီးနောက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကတာဝန်ရှိသူတွေဟာ မေလ ၂၆ ရက်နေ့မှာ မိုးကောင်းမြို့ကို လာရောက်စစ်ဆေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေနဲ့ အခြားရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“သတင်းဌာနတွေမှာ မူးယစ်ဆေးဝါးကိစ္စတွေတက်လာတော့ ပြည်နယ်က အထက်လူကြီးတွေ သိသွားတယ်။ အဲဒါကြောင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက အရာရှိတွေ လာစစ်သွားတာလို့ သိရတယ်” လို့ မိုးကောင်းမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ဆေးမှုအပြီး မေလ ၂၉ ရက်နေ့မှာတော့ ရဲဒုတပ်ကြပ် သောင်းဟိန်းစိုး၊ ရဲတပ်သား မျိုးဝင်းထူးတို့ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးအတွက် ပြောင်းရွှေ့မိန့် ထွက်လာခဲ့တယ်လို့ သိရပါတယ်။
ပြောင်းရွှေ့မိန့်စာရင်းထဲမှာ မြို့မစခန်းမှူး ဝင်းသိန်းရဲ့ အမည်လည်း ပါဝင်တယ်လို့ သိရပေမယ့် လက်ရှိအချိန်ထိ ပြောင်းရွှေ့ခြင်းမရှိသေးဘဲ အထက်အရာရှိတွေထံ ငွေကြေးနဲ့ ညှိနှိုင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

“သူမပြောင်းရအောင် အထက်လူကြီးတွေကို ငွေနဲ့လိုက်နေတယ်လို့ ကြားရတယ်။ ဂါရဝပြုတဲ့သဘောမျိုးပေါ့” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
စခန်းမှူး ဝင်းသိန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မိုးကောင်းမြို့ကို ရောက်ရှိလာသူဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ စခန်းမှူးတွေဟာ သုံးနှစ်တစ်ကြိမ် ပြောင်းရွှေ့ရမှာဖြစ်ပေမယ့် ယခုအချိန်ထိ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်နဲ့ ရွာသစ်ရပ်ကွက်အနီးတဝိုက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသော်လည်း ရဲတပ်ဖွဲ့ဘက်ကထိရောက်တဲ့ ဖမ်းဆီးအရေးယူမှုတွေ မရှိဘူးလို့ ဒေသခံတွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။
အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးတာထက် သုံးစွဲသူတွေကိုသာ ဟန်ပြဖမ်းဆီးလေ့ရှိပြီး အဖမ်းအဆီး မပြုလုပ်ခင်မှာလည်း မူးယစ်ဒိုင်တွေကို ကြိုတင်သတင်းပေးတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိတာကြောင့် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးပြဿနာက လျော့ကျမသွားဘဲ ဆက်လက်ဆိုးရွားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း မူးယစ်ဆေးသုံးစွဲမှုနဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ကို ဓားနဲ့ ထိုးသတ်သေသူ တစ်ဦးနဲ့ လျှပ်စစ်ရှော့ဖြစ် သေဆုံးသူ ၃ ဦးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
By – Hope




