လမ်းကြောင်းထိန်းချုပ်ရေးအတွက် ငအိုး–ရွှေကူလမ်းအပါအဝင် ရွှေကူမြို့နယ်ထဲမှာလည်း တိုက်ပွဲဖြစ်နေ
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေက နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်တွေပြောပြတာအရ လက်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ ငအိုး−ရွှေကူလမ်းပိုင်းကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာနေတာလို့ပြောပါတယ်။
“ ဒီလမ်းက မဘိမ်း ကနေ ငအိုး ပြီးရင် ရွှေကူကို ဆက်သွယ်ထားတဲ့ အဓိက ဆက်သွယ်ရေးလမ်းမကြီးပေါ့ ပြီးရင် ရွှေကူမြို့နယ် ကနေ ဖြတ်ပြီးတော့ ဗန်းမော်အထိလည်းတက်လို့ရတာကို ဟိုး ကချင်ပြည်နယ်အထက်ဘက်ထိပေါက်တာကို ပြီးရင် တရုတ်ပြည် အထိသွားလာလို့ရတယ် ကုန်စည် စီးဆင်းမှုရော ထောက်ပို့လမ်းကြောင်းရောအားလုံးပေါ့ဗျာ ဒါကြောင့် အဓိက မိန်းလမ်းမ တကြောကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ယူဆလို့ရတယ်”လို့ ရွှေကူမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကိုလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေကအပြန်အလှန်ထိန်းချုပ် ဖို့ကြိုးစားနေကြ တာကြောင့် အဲ့ဒီတစ်ဝှိုက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။
အခုလိုရွှေကူမြို့နယ်တစ်ဝှိုက်မှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားနေတာ ပြီးခဲ့တဲ့မေလပထမအပတ်ကတည်းကနေ ဒီနေ့အထိဖြစ်ပြီး အခြားတစ်ဖက်မှာတော့ KIA တပ်မဟာ ၁၁ က ဒီကနေ့ ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ ရွှေကူမြို့တွင်းနေပြည်သူတွေကို မြို့ကနေ ထွက်ခွာတိမ်းရှောင်ရန် သတိပေးထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ ဆက်လက်နေထိုင်ရင်တော့ နောက်ဆက်တွဲအခြေအနေတွေအတွက် KIO/KIA အနေနဲ့ တာဝန်ယူမှာမဟုတ်ကြောင်းလည်း ဖော်ပြထားပြီး ရွှေကူ–ငအိုးလမ်းမကြီးအပါအဝင် အဓိကလမ်းကြောင်းတွေကိုသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ ပြည်သူများအနေနဲ့ တော်လှန် – လမ်းကူး – စီသာ – မိုးကင့် – စီဖွားလမ်းပိုင်းကိုသာ အသုံးပြုရမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က“တိုက်ပွဲလေးတွေကတော့ မိန်းလမ်းကြီးတကြော တစ်လျှောက်လုံးက သူ့ဘက်ကိုယ့်ဘက်နေရာယူထားတော့ ထိတွေ့တိုက်ပွဲလေး တွေကတော့ တောက်လျှောက်ကတော့ဖြစ်နေတာပေါ့ အဲ့လိုဖြစ်တဲ့အခါကျရင်တော့ ကိုယ်တွေ ဘက်ကနေ သူတို့ဘက်ကို တိုက်ခိုက်တဲ့အခါ စစ်ကောင်စီကျဆုံးတဲ့ဆီကနေ သူတို့ရဲ့လက်နက်တချို့လည်း သိမ်းဆည်းရမိတာတွေ မကြာခဏတော့ ရှိတာပေါ့ဗျာ”လို့ပြောပါတယ်။
လက်ရှိအခြေနေဟာ ငအိုး−ရွှေကူမိန်းလမ်းတလျှောက်လုံးကို စစ်တပ်ဘက်က ကားကင်းတွေချကာ ခြေကုပ်ယူထားတယ်လို့ သိရပြီး အဲ့ဒီနေရာတွေကို တော်လှန်ရေးအင်အားစုတွေကကြားဖြတ်တိုက်ခိုက်တာတွေကြောင့် နှစ်ဖက်မကြာခဏတိုက်ပွဲဖြစ်ပွား နေတာလို့ ပြောပါတယ်။
ရွှေကူမြို့နယ်အတိုင်းအတာနဲ့ဆိုရင်တော့ ရွှေကူမြို့တွင်းကို စစ်တပ်ဘက်ကဆက်လက်ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစု တွေကတော့ ရွှေကူမြို့နယ်ထဲကကျေးရွာတွေအတော်များများကိုစိုးမိုးထားနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပါ တယ်။
လက်ရှိအခြေအနေအရ ငအိုး–ရွှေကူလမ်းကြောတလျှောက်မှာ ကာကင်းတပ်အခြေပြု ထိန်းချုပ်မှုနဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေ အကြား စစ်ရေးတင်းမာမှုမြင့်တက်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တွေက လမ်းကြောထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်အားပြိုင်နေ ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
By – အမိုး




