ကချင်အမျိုးသမီးတစ်ဦး နော်ဝေနိုင်ငံက ပေးတဲ့ Stefanus လူ့အခွင့်အရေးဆုရရှိ

မြန်မာနိုင်ငံက ကချင်အမျိုးသမီး တစ်ဦးဟာ နော်ဝေ နိုင်ငံကပေးတဲ့ Stefanus Award လူ့အခွင့်အရေးဆုကို ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီဆုကို လက်ခံရရှိခဲ့သူကတော့ ကချင်ပြည်နယ်ဖွား အသက် ၃၆နှစ်အရွယ် ဒေါက်တာ ဂျာဆိုင်းအိန်ဖြစ်ပြီးတော့  ပြီးခဲ့တဲ့ မေလ ၂၈ရက် နော်ဝေနိုင်ငံ၊ အော်စလိုမှာ တာဝန်ရှိသူတွေကနေပြီးတော့ ပေးအပ်ချီးမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

Stefanus Award ရရှိတာနဲ့ ပက်သက်ပြီး ဒေါက်တာ ဂျာဆိုင်းအိန်ကတော့ သူမနဲ့ အတူလက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ သူတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ခုလို ပြောပါတယ်။

ကျွန်မတစ်ယောက်တည်းကိုဘဲ ပေးတဲ့ဆုလို့ မမြင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အများရှိပါတယ်။ အဲဒီပြည်သူတွေကို နော်ဝေလို ဒီမိုကရေစီကို လက်ခံကျင့်သုံးနေတဲ့ နိုင်ငံတွေကနေပြီးတော့ ခုလို ဒုက္ခရောက်နေတဲ့ ပြည်သူတွေနဲ့ အတူရှိနေတယ်ဆိုတဲ့ Solidarity(အပြန်အလှန် ရပ်တည်ထောက်ခံမှုကို ဖော်ပြတယ်လို့ဘဲ ကျွန်မက လက်ခံယုံကြည်ထားပါတယ်လို့ ဆိုပါတယ်။

ဒေါက်တာ ဂျာဆိုင်းအိန်ဟာ ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံက ဘာသာရေးဆိုင်ရာဖိနှိပ်ခံရမှုနဲ့ လူ့အခွင့်ချိုးဖောက်ခံရမှု ကိစ္စရပ်တွေကို နိုင်ငံတကာ စင်မြင့်ထက်မှာ ထုတ်ဖော်ပြောဆိုနိုင်ခဲ့တဲ့အတွက် ဒီဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

သူမဟာ ကချင်ပြည်နယ်ဖွား ဖြစ်ပေမယ့်လည်း ၂၀၀၂ခုနှစ် အသက်၁၃နှစ်အရွယ်မှာတော့ ရန်ကုန်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး အထက်တန်းကျောင်းနဲ့ ဆေးကျောင်းကိုလည်း  ရန်ကုန်မြို့မှာဘဲ တက်ရောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၂၀၁၂ခုနှစ်မှာတော့ ကချင်ပြည်နယ်ကို ပြန်ပြီး Kachin Baptist Convention(KBC)နဲ့အတူ ၂၀၁၁ တစ်ကြော့ပြန်စစ်ပွဲကြောင့် ရှောင်တိမ်းနေရတဲ့ စစ်ရှောင်တွေကို ၂နှစ်ကြာ ဆေးကုသမှုတွေ ပြုလုပ်ပေးပြီး ကူညီခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ဝေးလံခေါင်ပါးတဲ့ ကချင်ဒေသတွေမှာ ဆေးကုသမှု ပြုလုပ်ရင်းနဲ့  အဲဒီဒေသတွေမှာ   နိုင်ငံတကာ ဥပဒေနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေအပြင် ဘာသာရေးအရ ဖိနှိပ်မှုတွေကိုပါ တွေ့မြင့်လာရတဲ့ အတွက် အဲဒီအရာတွေကို ကာကွယ်နိုင်ဖို့အတွက် ဆရာဝန်အလုပ်ထက် လူ့အခွင့်အရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေကိုသာ ဦးစားပေး လုပ်ဆောင်လာခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၆ခုနှစ်မှာတော့  ဩစတေးလျ နိုင်ငံမှာ Australian scholarship နဲ့ human rights မေဂျာကို တက်မြောက် ပြီးစီးခဲ့တာလည်း ဖြစ်ပါတယ်။

တိုင်းပြည်တွင်းမှာလည်း  မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဘာသာရေးဖိနှိပ်မှုတွေကို သုတေသနတွေ ပြုလုပ်ခဲ့ပြီး သက်သေအမြောက်အများကို ကောက်ယူခဲ့ကာ နိုင်ငံတကာ စင်မြင့်ထက်မှာ ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်ခဲပါတယ်။

ဒီကိစ္စရပ်တွေကို လုပ်ဆောင်တဲ့ အခါတွေမှာလည်း သိုသိုသိပ်သိပ်နဲ့ လုပ်ဆောင်ခဲ့ရပြီး အခက်အခဲများစွာကိုလည်း ကျော်ဖြတ်ခဲ့ရတယ်လို့ ဒေါက်တာ ဂျာဆိုင်းအိန်က ခုလို ဆက်ပြောပါတယ်။

မတရားတဲ့ အုပ်ချုပ်မှု ပုံစံတွေနဲ့ ကြုံတွေ့နေရတဲ့ ကျွန်တော်တို့ဟာ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။ အဲလိုအရာတွေကိုလည်း တက်နိုင်သလောက် သက်သေတွေယူထားကြပါစို့။ နောင် တရားမျှတတဲ့ အချိန်ကာလကို ပြန်ရောက်လာတဲ့အချိန် ဒီအရာတွေကို ကိုင်စွဲပြီး စီရင်နိုင်ဖို့က ကျွန်မတို့ သက်သေတွေလိုပါတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကျွန်မတို့အပါအဝင် တခြား အရပ်ဘက် အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပိုမို ထုတ်ဖော်ပြောဆိုနိုင်ဖို့ နဲ့ အရေးယူနိုင်ဖို့ကိုလည်း ကြိုးစားလုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ဆက်လက်ပြောပါတယ်။

ခုလို Stefanus Award ဆုကို ရရှိခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုရာမှာလည်း ပိုမို လုပ်ဆောင်လာနိုင်သလို ပိုပြီးတော့မှလည်း တာဝန်ရှိလာတယ်လို့ ခံစားမိကြောင်း ဆိုပါတယ်။

Stefanus Award ကို ၂၀၀၅ခုနှစ်ကနေပြီးတော့ ၂နှစ်တစ်ကြိမ် ပေးအပ်တာဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေ ကိစ္စရပ်တွေအပေါ် ကြိုးစားလုပ်ဆောင်တဲ့သူတွေကို ပေးအပ်တဲ့ ဆုလည်း ဖြစ်ပါတယ်။

ဒီဆုကိုတော့ နော်ဝေနိုင်ငံ Stefanus Alliance International အဖွဲ့ကနေပြီးတော့ ချီးမြင့်တဲ့ ဆုဖြစ်ပြီး ၂၀၁၀ခုနှစ်ကလည်း ချင်းပြည်နယ်က ဘာသာရေးဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသား ဖြစ်တဲ့ Victor Biak Lian ဗစ်တာ ဘီယက်လျန်ဟာ Stefanus Awardကို ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

By – Hope

Show More
Back to top button