မိုးအဆက်မပြတ်ရွာလို့ လူနေအိမ်တစ်ချို့ရေနစ်မြှုပ်ပြီး လမ်းပိုင်းပျက်စီး

ဖားကန့်မြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့မှာ ရေဝင်ရောက်ပြီး လူနေအိမ်တွေ နစ်မြှုပ်သွားခဲ့သလို နန့်တိန့် ကားလမ်းပိုင်းလည်း သွားလာလို့မရအောင် ဆိုးရွားစွာပျက်စီးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ နောက်ပိုင်း နေ့စဉ်အဆက်မပြတ် မိုးရွာသွန်းပြီး ဖားကန့် ကားမိုင်းနန့်ယားကားလမ်းပိုင်းဖြစ်တဲ့ နန့်တိန့်ကျေးရွာမှာ ချောင်းရေကြီးပြီး ကုန်တင်ကားတွေ မောင်းနှင်သွားလာလို့မရတဲ့အထိ လမ်းပိုင်းပျက်စီးနေတယ်လို့ ဖားကန့် နန့်တိန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

လမ်းပြုပြင်ပေးတာကမရှိ လမ်းသွားလမ်းလာတဲ့သူတွေဆီကနေတော့ ပိုက်ဆံကကောက်စားနေတယ်။ ဒီနှစ်တော့ ဖားကန့်လမ်းက သွားလာဖို့ တော်တော်ခက်ခဲတယ်။ အခက်ဆုံးက နန့်တိန့်ရွာအလယ်နေရာမှာဟုတ်တယ်။ အဓိကတော့ မိုးအဆက်မပြတ်ရွာတော့ နန့်တိန့်ချောင်းရေကြီးပြီး နန့်တိန့်ရွာထဲဝင်တာပေါ့လေလို့ပြောပါတယ်။

နန့်တိန့်ချောင်းရေကြီးမှုကြောင့် ကားလမ်းပိုင်းဆိုးရွာစွာ ပျက်စီးနေတဲ့နေရာမှာ ဖားကန့်မြို့နယ်ထဲ အတက်အဆင်းလုပ်တဲ့ ကုန်ပစ္စည်းတင်တဲ့ ကားတွေပိတ်ဆို့နေပြီး ကားတစ်စီးချင်းကို ဆင်နဲ့ ဆွဲတင်ပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ သိရပါတယ်။

နန့်တိန့်ချေင်းရေကြီးမှု လျော့ကျသွားပြီဖြစ်ပေမယ့် မိုးဆက်ပြီးရွာသွန်းနေတာကြောင့် ကားလမ်းပိုင်းမှာ ကားသမားတွေသွားလာဖို့ခက်ခဲနေဆဲဖြစ်ပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်မှသာ သွားလာလို့ရတဲ့အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဖားကန့်ကို အတက်အဆင်းလုပ်တဲ့ ကုန်းကာတွေ လမ်းပိုင်းကျန့်ကြာမှုဖြစ်ပြီး ဖားကန့်မြို့နယ်ထဲမှာ ကုန်စျေးနှုန်တွေ ပြည်သူတွေမခန့်မှန်းနိုင်လောက်တဲ့အထိ စျေးနှုန်းမြင့်တက်နေဆဲဖြစ်တယ်လို့လည်း ဖားကန့်ပြည်သူတွေပြောပါတယ်။

PSA

နောက်ပြီး ဖားကန့်ဒေသထဲက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ သိမ်းပိုက်နယ်မြေထဲရှိတဲ့ ဆယ်ဇင်းကျေးရွာထဲမှာလည်း လူနေအိမ်ထူထပ်တဲ့ စျေးတန်းရပ်ကွက်တွေမှာ ရေဝင်ရောက်နစ်မြှုပ်သွားတာကြောင့် ပြည်သူတွေအခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

အခုက ဆယ်ဇင်းစျေးတန်းတွေ တစ်ခုလုံးရေမြှုပ်သွားတဲ့အတွက် စျေးရောင်း စျေးဝယ်ကအတော်လေးခက်ခဲနေပါတယ်။ အခုစျေးတောင် ဘယ်မှာဖွင့်ပြီး ဘယ်လိုဝယ်စားကြနေသလဲမသိရဘူး။ ကုန်ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ လာရောင်းတဲ့သူတွေရှိပေမယ့် အခုက ရေကြီးလို့မလာနိုင်ကြဘူးလို့ပြောပါတယ်။

ဆယ်ဇင်းဒေသမှာ အဓိကအားဖြင့် ရွှေမှော်လုပ်သားတွေများပြီး ရေကြီးရေလျှံဖြစ်တာကြောင့် ရွှေဆိုင်းတွေလည်း အားလုံးရပ်နားထားရသလို ကျေးရွာအတွင်းက ရေဝပ်တဲ့လူနေအိမ်အများပိုင်းက ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ယခုနှစ် ဆယ်ဇင်းကျေးရွာရဲ့ ရေကြီးမှုဟာ ခါတိုင်းနှစ်တွေထက် အဆိုးရွားဆုံးဖြစ်ပြီးတော့ မိုးဆက်တိုက်ရွာသွန်းပြီး ပြည်သူတွေ ရေးဘေးဒဏ်ကြုံတွေ့နေရတာ ၁၀ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ဆယ်ဇင်းဒေသမှာ ဥရုချောင်း၊ မန်စိန်းနဲ့ နန့်ပုတ် စတဲ့ မြစ်ချောင်းကြီး ၃ခုစလုံး ဆုံစည်းတဲ့ နေရာကနေ ချောင်းရေတွေဟာ ရွာထဲချောင်းရေဝင်ရောက်မှုကြောင့် ပြည်သူတွေ ရေဘေးအန္တရာယ်ကြုံတွေ့နေရတာဖြစ်တယ်လို့ ဆယ်ဇင်းဒေသခံတွေပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့တစ်ပတ်လုံး မိုးအဆက်မပြတ်ရွာသွန်းပြီး ဥချောင်းရေကြီးမှုကြောင့် ဖားကန့်မြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ မရှီကထောင်၊ အေးမြသာယာနဲ့ ငှက်ပျောတောရပ်ကွက်တစ်ခုလုံးမှာလည်း ရေကြီးရေလျှံဖြစ်ခဲ့ရပါတယ်။

ယခင်နှစ်တွေမှာ ဥရုချောင်းရေကြီးမှုကြောင့် ဖားကန့်မြို့တွင်းရှိ ဥရုကျောက်စိမ်းဘီလီတံတားအထိ ရေမြင့်တက်ခဲ့ပေမယ့် ယခုတစ်ခေါက် ရေကြီးမှုမှာ တံတားအထိ မရောက်ရှိသေးဘဲ မြေနိမ့်ပိုင်းရှိ လူနေရပ်ကွက်တွေအထိသာ ရေဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

သို့ပေမယ့် လက်ရှိမှာ နေ့တိုင်းလိုလို မိုးရွာသွန်းနေတာကြောင့် ဥရုချောင်းရေ ဒီထက်မြင့်တက်ပြီး ခါတိုင်းနှစ်လို မြို့ပေါ်ရပ်ကွက်တစ်ခုလုံး ရေကြီးရေလျှံဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြေနိမ့်ပိုင်းနေထိုင်တဲ့ ပြည်သူတစ်ချို့က ကြိုတင်ရွှေ့ပြောင်းနေထိုင်မှုတွေလည်း ရှိနေတယ်လို့လည်း ဆက်သိရပါတယ်။

ဥရုချောင်းရေကြီးရေလျှံဖြစ်မှုကြောင့် ဖားကန့်ပြည်သူတွေဟာ နှစ်စဉ်ရေဘေးအန္တရာယ်ကြုံတွေ့နေကြရသလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ရေဘေးဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button