ဗျူဟာကုန်းကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးဒဏ်ရာရရှိ
ဖားကန့်မြို့နယ်မှာ ဒေါ်ဆောင်ဆန်းစုကြည့်ရဲ့ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကျင်းပနေတဲ့ နေရာဘက်ကို ဦးတည်ပြီး စစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ခတ်လိုက်တာကြောင့် အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ဆိုင်တောင်ကျေးရွာ ရပ်ကွက်(၃)ရှိ အေးရှားအော်တိုကားဝပ့်ရှော့စက်ရုံထဲကျမှန်ပြီး ပြည်သူ နှစ်ဦးထိခိုက်ဒဏ်ရရှိခဲ့တာဖြစ်တယ်လို့ ဖားကန့် ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ ပစ်လိုက်တာ လက်နက်ကြီးက ဆိုင်းတောင် ရပ်ကွက်(၃)က အေးရှားအော်တိုကားဝပ်ရှော့စက်ရုံမှာကျပြီးတော့ အမျိုးသား နှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်။ တစ်ယောက်က ခါးမှာ စိုးရိမ်ရဖြစ်တယ်။ တစ်ယောက်က ပခုံးနဲ့ ကျောမှာထိသွားတာ”လို့ပြောပါတယ်။
ဖားကန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ဟာ ဆိုင်းတောင်ကျေးရွာဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲပြုလုပ်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်တပ်ဗျူဟာကုန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

မှော်လှည့်ဆန္ဒပြသွားလာတဲ့ သပိတ်စစ်ကြောင်းထိခိုက်မှုမရှိဘဲ စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ အရပ်သားရှိတဲ့နေရာမှာ ကျမှန်ခဲ့ပြီး ကားဝပ်ရှော့စက်ရုံထိခိုက်ပျက်စီးသွားသလို အမျိုးသားနှစ်ဦးထိခိုက်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးထိမှန်ခဲ့တဲ့ အမျိုးသား နှစ်ဦးထဲကနေ တစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။
“နှစ်ဦးထိသွားတဲ့ထဲကနေ တစ်ဦးကစိုရိမ်ရပါတယ်။ လောလောဆယ်တော့ ဆေးကုသခံယူနေရတာပေါ့”လို့ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူတစ်ချို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဆိုင်းတောင်ကျေးရွာထဲ မှော်လှည့်သပိတ်ကျင်းပပြီး ဆန္ဒပြထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ဒေါ်ဆောင်ဆန်းစုကြည်အမြန်လွတ်ပေးဖို့နဲ့ ကချင်ပြည်နယ်ထဲမှာ စီမံကိန်းဆောင်ရွက်နေတဲ့ မြစ်ဆုံစီမံကိန်းအမြန်ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




