ရေဘေးသင့် ဖားကန့်ပြည်သူတွေ အရေးပေါ် အကူညီတွေလိုအပ်နေ

ရေဘေးကြုံတွေ့နေရတဲ့ ဖားကန့်ပြည်သူတွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ကစတင်ပြီး ဥရုချောင်းရေကြီးရေလျှံဖြစ်မှုကြောင့် ကျေးရွာရပ်ကွက်အတွင်း ရေဝင်ရောက်နစ်မြှုပ်ခဲ့ပြီး ဖားကန့် ပြည်သူတွေရေဘေးသင့်နေတာ  ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

လက်ရှိမှာ ဥရုချောင်းရေကျသွားပြီဖြစ်ပေမယ့် မြေနိမ့်ပိုင်း ရေဝင်ရောက်ခဲ့တဲ့ ကျေးရွာ ရပ်ကွက်နေရာအားလုံးမှာ ရေကျန်ရှိနေသေးတာကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေအတွက် အကူအညီဆက်ပြီး လိုအပ်နေသေးတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အဓိကပြဿနာက သောက်သုံးရေ လုံးဝပြတ်သွားတာ။ ရှိတဲ့ရေက သောက်သုံးလို့မရတော့ဘူးလေ ဝမ်းလျောဝမ်းပျက်ဖြစ်မှာစိုးရတယ်။ ဆေးဝါးဆိုရင်လည်း အခုက လုံးဝသယ်ယူခွင့်မရှိဘူး။ အစိပ်သားထုတ်လောက်ပဲ ယူလာရင်တောင် စစ်တပ်ဂိတ်တွေမှာ သိမ်းပေးလိုက်တယ်။ ပြီးရင် အစားအသောက်က ဘာသာရေးဆိုက်နဲ့ လူမှုကူညီရေးအသင်းတွေ တတ်နိုင်သလောက်လည်း ကူညီပေးနေတာတော့ရှိတယ်။ ဒါပေမယ့် ရေကမကျသေးဘူးဆိုတော့ ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ဆက်ပြီး ကူညီပေးဖို့ လိုအပ်နေသေးတယ်လို့ပြောပါတယ်။

ရေဘေးသင့်ပြီးနောက် ပြည်သူတွေဟာ ဆေးဝါးပြဿနာနဲ့ မီးရရှိဖို့ အခက်အခဲလည်းကြုံတွေ့ နေကြရတယ်လို့ ဆက်ပြီးပြောပြပါတယ်။

မိုးကြီးပဲရွာတော့ နေလည်းမပူဘူးလေ နဂိုထဲက လျှပ်စစ်မီးလည်းမရရှိတာနဲ့ ဆိုလာမီးတွေလည်း လောလောဆယ်သုံးလို့မရဖြစ်နေတယ်။ အိမ်တိုင်းလိုလို ရေဝင်နေတော့ သန့်ရှင်းရေးလည်း လုပ်မရ ထမင်းချက်စားလို့လည်းမရ။ ဝယ်ယူထားတဲ့ မီးသွေးအိတ်တွေလည်း စိုစွတ်သွားပြီဖြစ်တဲ့အတွက် တော်တော်လေး ဒုက္ခရောက်နေကြတာလို့ပြောပါတယ်။

ဖားကန့်မြို့ထဲမှာ စျေးဆိုင်အများပိုင်းမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားပြီး ရရှိနိုင်သေးတဲ့နေရာတွေမှာလည်း ကုန်စျေးနှုန်းတွေ နေ့ချင်းညချင်း စျေးတက်နေသလို အသား၊ငါး တစ်ပိဿာ သိန်းဂဏန်းအထိ ဝယ်ယူနေရပြီလို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးအတွက် ဝမ်းလျော၊ ဝမ်းပျက် နားမကျန်းဖြစ်ပေမယ့်လည်း ဆေးဝါးတွေ အလွယ်တကူမရရှိနိုင်ဖို့ အခက်အခဲဖြစ်တယ်လို့ ဖားကန့် ပြည်သူတွေ ပြောပါတယ်။

ကားမိုင်း – ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း လမ်းပိုင်းဂိတ်နေရာတွေမှာ အိမ်သုံးဆေးဝါးတွေ သယ်ယူခွင့်ပိတ်ထားတယ်လို့ ဆက်သိရပါတယ်။

ရေဘေးသင့်နေတဲ့ ပြည်သူတွေ အဖက်ဖက်ကနေ အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့အခြေအနေမှာ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးဆိုပါတယ်။

အကူအညီက အကုန်လုံးလိုအပ်နေပါတယ်။ ပြည်သူတွေ အားလုံးဒုက္ခရောက်နေကြတာ။ အခုလုပ်ပေးနေတဲ့ လူမှုကူညီရေးအသင်းတွေဆိုရင်လည်း ကိုယ်ပိုင်ဝင်ငွေတွေနဲ့ပဲ တတ်နိုင်သလောက်နဲ့ လုပ်ပေးနေတကြတာ။ အချင်းချင်းဝိုင်းဝန်းကူညီပေးနေကြတဲ့သဘောပါလို့ပြောပါတယ်။

အခုလို ပြည်သူတွေ ရေဘေးသင့်အကူအညီတွေ လိုအပ်နေတဲ့အပေါ် သက်ဆိုင်ရာ အာဏာရယူထားတဲ့ အမည်ခံစိုးရအဖွဲ့ကလည်း တစ်စုံတစ်ရာ လာရောက်ကူညီပေးတာတွေမရှိဘူးလို့လည်း ဆက်ဆိုပါတယ်။

ဖားကန့်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ကစတင်ပြီး ဖားကန့်မြို့နယ်တစ်ခုလုံး ရေကြီးရေလျှံဖြစ်ခဲ့ရပြီး အဓိကအားဖြင့် မြို့ပေါ် (ရပ်ကွက်အပြင် မြေနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာအားလုံးနီးပါး ရေဘေးသင့်ခဲ့ရပါတယ်။

ဖားကန့်မြို့နယ်အတွင်း ရေဘေးဒဏ်ကို အဆိုးဆုံးကြုံတွေ့ခဲ့ရတဲ့ ကျေးရွာနေရာတွေက မြို့ပေါ် (ရပ်ကွက်ဖြစ်တဲ့ ဖားကန့်မြို့မ၊ ငှက်ပျောတော၊ အေးမြသာယာ၊ မရှီကထောင်၊ မှော်ဝမ်း၊ နမ္မဖြစ်ကနေ မှော်ဆီစာကျေးရွာ တစ်လျှောက် ဆောင်းချိန်ကျေးရွာ၊ လုံးခင်းကျေးရွာတစ်လျှောက်ဖြစ်ပါတယ်။

ရေကြီးရေလျှံဖြစ်ပြီးနောက် ကျေးရွာတစ်ခုချင်း ချိတ်ဆက်ထားတဲ့ အရေးပါတဲ့လမ်းပိုင်းတစ်ချို့လည်း သွားလာလို့မရအောင် ပျက်စီးမှုဖြစ်နေပြီး ပြည်သူတွေ သွားလာရေးအခက်အခဲတွေလည်းကြုံတွေ့နေရပါတယ်။

မော်ဝမ်း၊ ကျောက်ဝိုင်းလမ်းဆုံ၊ မရှီကထောင်လမ်းဆုံ၊ ငှက်ပျောတောရပ်ကွက်၊ ဆောင်းချိန် နဲ့ လုံခင်းစတဲ့ ကျေးရွာရပ်ကွက်တွေမှာ ရေနစ်မြှုပ်မှုအဖြစ်ဆုံးနဲ့ လမ်းပိုင်းပျက်စီးမှုအဆိုးရွားဆုံးဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

အဲဒီကျေးရွာရပ်ကွက်နေရာတွေရေနစ်မြှုပ်သွားတဲ့အတွက် ကမ်းပါးပြိုကျပြီး လူနေအိမ်တစ်ချို့လှဲကျပျက်စီးသွားခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေငယ်တစ်ဦးနဲ့ အသက် ၂၀ ကျော်ရှိတဲ့ မိန်းကလေးငယ်တစ်ဦး ရေထဲမျောပါ သေဆုံးမှုရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဥရုချောင်းရေကြီးရေလျှံဖြစ်မှုကြောင့် ဖားကန့် ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ ဇူလိုင်လအထိ  ကြိမ်ထက်မနည်း ရေဘေးသင့်ခဲ့ရာ ယခုတစ်ခေါက်အဆိုးရွားဆုံးဖြစ်ပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းမြေမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာတစ်ကြိမ်၊ ယခုနှစ် ၂၀၂၆ ထဲမှာတစ်ကြိမ် အဆိုးရွားဆုံးအဖြစ် စံချိန်တင်ရေးကြီးရေလျှံဖြစ်ခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button