တစ်နှစ်ကျော်အတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ခန့် ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းမှာ တစ်နှစ်ကျော်အတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း ထွက်ပြေးတိမ်းရှောင်သွားပြီလို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲနောက်ပိုင်း ဗန်းမော်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်တချို့ဟာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မီးသတ်ဦးစီးဌာနရုံးတွေမှာ လာရောက်နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

နောက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းတွေမှာ နေ့စဉ်နီးပါး လုပ်အားပေးစေခိုင်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တချို့က KNG ကို ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကဝန်ကြီးချုပ်ရဲ့ စိုက်ခင်းမှာတော့ စနေနဲ့ တနင်္ဂနွေနေ့တွေ သွားလုပ်ရပြီး ကျန်တဲ့ရက်တွေမှာ ဦးသန်းဇော်ဦးရဲ့ ခြံမှာ သွားလုပ်ရတယ်။ ဒီလိုအခြေအနေတွေကို မခံနိုင်တော့လို့ ထွက်ပြေးလာတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ များလာတာလို့ ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေကို အဓိက စေခိုင်းနေသူတွေဟာ ဗန်းမော်ခရိုင်ကနေ စစ်ဘေးရှောင်လာပြီး မြစ်ကြီးနားဘက်ကို ပြောင်းရွှေ့နေထိုင်နေတဲ့ ခရိုင်မှူး ဦးဇော်ငြိမ်းအောင်နဲ့ မန်စီမြို့နယ်မှူး ဦးပြည့်ဖြိုးအောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မီးသတ်ဦးစီးဌာနက ထွက်လာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ အထက်မော်ဖောင်းနဲ့ ငအိုးကျေးရွာအနီးမှာရှိတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဧက ၇၀ ကျော်ရှိ စိုက်ခင်းနဲ့ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးရဲ့ ဧက ၂၀ ခန့်ရှိတဲ့ ခြံတွေမှာ ခြံရှင်းလင်းတာ၊ လမ်းဖောက်တာ၊ လိမ္မော်နဲ့ နာနတ်သီးအပါအဝင် နှစ်ရှည်ပင်တွေ စိုက်ပျိုးပြုစုတာတွေကို မီးသတ်ဝန်ထမ်းတွေက လုပ်ဆောင်ပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီလုပ်ငန်းတွေသွားရောက်ရာမှာ လူမှုကူညီကယ်ဆယ်ရေးယာဉ်တွေ အသုံးပြုရသလို စက်သုံးဆီကိုလည်း ဌာနဘတ်ဂျက်ကနေ အသုံးပြုနေရတယ်လို့ မီးသတ်ဝန်ထမ်းတွေက ပြောပါတယ်။

နောက်ထပ် စိုက်ခင်းတွေမှာ နေ့စောင့်၊ ညစောင့်အဖြစ် တာဝန်ယူရတဲ့ ဝန်ထမ်းတချို့ကိုလည်း တစ်လ ကျပ်ငွေ ၅ သောင်းပေးထားတယ်လို့ သိရပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်ရေးနဲ့ လူမှုကူညီကယ်ဆယ်ရေးတာဝန်တွေထမ်းဆောင်ရမယ့်အစား အရာရှိတွေရဲ့ ကိုယ်ပိုင်စိုက်ခင်းတွေမှာ လုပ်အားပေးနေရတာကြောင့် အရေးပေါ်အခြေအနေတွေမှာ တပ်ဖွဲ့ဝင်အင်အား မလုံလောက်မှုတွေ ကြုံတွေ့နေရတယ်လို့ ထွက်ပြေးလာတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးခန့်ရှိပြီး အဲဒီထဲမှာ ဒုဦးစီးနဲ့ လက်ထောက်ဦးစီးအဆင့်ရှိ အရာရှိ ၅ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

မီးသတ်ဦးစီးဌာနက ထွက်ပြေးတိမ်းရှောင်သွားတွေသူရဲ့ အမည်နာမရာထူးတွေကိုတော့ လုံခြုံရေးအရဖော်ပြထားခြင်းမရှိတာလည်းဖြစ်ပါတယ်။

မီးသတ်ဝန်ထမ်းတွေကို ဌာနတာဝန်နဲ့ မသက်ဆိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေမှာ အသုံးပြုနေမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးပေးဖို့ ထွက်ပြေးလာတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး KNG က သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

လက်ရှိ မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဟာ စစ်တပ်ဘက်က အသွင်ပြောင်းလာသူဖြစ်ပြီး ၂၀၂၀ ခုနှစ်က စတင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသူဖြစ်တယ်လို့ သိရပါတယ်။

By – Zami

Show More

Leave a Reply

Back to top button