ဆားမှော်နဲ့ ထီးချိုင့်ရွာက ဒေသခံတွေ ရွာပြင်ထွက်ခွင့်ပိတ်ခံထားရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စုထဲမှာ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့် ပိတ်ဆို့ထားတဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆားမှော်ကျေးရွာအုပ်စုထဲမှာ စုပေါင်းလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ SNA တပ်တွေဟာ ထီးချိုင့်ကျေးရွာကို အဝင်အထွက် ပိတ်ဆို့ထားပြီး ဒေသခံတွေ လယ်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ခွင့်မရအောင် လိုက်လံဖမ်းဆီးနေတာ တစ်လခန့်ရှိလာပြီလို့ ဆားမှော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ဖြစ်နေတဲ့အခက်အခဲက ဆားမှော်၊ ထီးချိုင့်ရွာက လယ်ပြင်တွေမှာ စပါးတွေလည်း ရိတ်သိမ်းလို့မရ၊ လုပ်ကိုင်စားသောက်လို့မရအောင် လူတွေလိုက်ဖမ်းနေတယ်။ အခုဖမ်းဆီးခံရတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်းပါတယ်။ တစ်ရွာလုံးကိုလည်း တပ်ခြံကာပြီး ရွာပြင်မထွက်ခိုင်းဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ဆားမှော်နဲ့ ထီးချိုင့်ကျေးရွာတွေက ဒေသခံတွေဟာ စစ်တပ်နဲ့ SNA တပ်တွေရဲ့ သွားလာခွင့်ကန့်သတ်ခံရသလို လူ့အခွင့်ရေးချိုးဖောက်ခံရတာတွေရှိနေတယ်လို့ သိရပါတယ်။

PSA

လက်ရှိ ဒီကျေးရွာက ပြည်သူတွေဟာ လယ်ယာနဲ့ တောင်ယာလုပ်ငန်းတွေ စပါးသီးနှံရိတ်သိမ်းရမယ့်အချိန်ဖြစ်ပေမယ့် ရွာပြင်ထွက်ခွင့်မရတာကြောင့် စပါးရိတ်သိမ်းဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရွာအဝင်အထွက်လုပ်တဲ့ ဒေသခံတွေကို လက်မှတ်ထိုးခိုင်းတာ၊ သံသယရှိသူတွေကို စစ်ဆေးပြီး ဖမ်းဆီးရိုက်နှက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

ဆားမှော်နဲ့ ထီးချိုင့်ကျေးရွာတွေမှာ အဝင်အထွက် ပိတ်ဆို့ခံထားရတာ တစ်လခန့်ရှိလာပြီဖြစ်ပြီး စစ်တပ်နဲ့ SNA တပ်တွေဟာ နန့်ရင်းချောင်းဘက်ကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ရွာအဝင်အထွက်ပိတ်ခံထားရတာကြောင့် ပြည်သူတွေ စပါးလည်းမရိတ်ရ၊ သွားလာဖို့ ခက်ခဲသွားတာ တစ်လလောက်ရှိလာပြီ။ စစ်တပ်နဲ့ SNA တပ်တွေက နန့်ရင်းချောင်းဘက်ကို စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးရင်း အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်တာတွေ လုပ်ခဲ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ ထီးချိုင့်ကျေးရွာထဲ လှုပ်ရှားနေတဲ့ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ နန့်ရင်းချောင်းဘက်ကို စစ်ကြောင်းထိုးနေချိန် ရွာပြင်မှာ နွားကျောင်းနေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကလေးငယ်ကို စစ်တပ်နဲ့ SNA တပ်တွေ တပ်စွဲထားတဲ့ ထီးချိုင့်ရွာ ဘုန်းကြီးကျောင်းထဲ ခေါ်ဆောင်သွားပြီး PDF နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာလည်း ထီးချိုင့်ရွာအနောက်ဘက် ကညှင်မြိုင်ကျေးရွာမှာ အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ စွပ်စွဲပြီး ရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး မိုးကောင်းမြို့နယ်ထဲက ဆားမှော်၊ ကညှင်မြိုင်နဲ့ ထီးချိုင့်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာ ပိုလုပ်လာတယ်လို့ သိရပါတယ်။

ထီးချိုင့်ကျေးရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး စစ်တပ်က ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲကာ စစ်ရေးလှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆားမှော်အခြေစိုက် တပ်ရင်း ၁၀၅ နဲ့ ကညှင်မြိုင်အခြေစိုက် ခမရ ၃၈၃၊ ၃၈၄ တပ်ရင်းတွေ ပူးပေါင်းပြီး နန့်ရင်းချောင်းအထက်ဘက် KIA ပူးပေါင်းတပ်တွေ ရှိတဲ့နေရာကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button