ဝက်စာကျွေးဖို့ ပြန်လာတဲ့ အရပ်သား ၂ ဦးကို စစ်တပ်ဖမ်းဆီး၊ တစ်ဦးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်မှာ ဝက်စာကျွေးဖို့ ရွာပြန်လာတဲ့ အရပ်သားအမျိုးသား ၂ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး တစ်ဦးကို သတ်ဖြတ်ကာ နောက်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲမတိုင်မီမှာ အင်းတော်မြို့နယ် မအူကုန်းရွာအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) ကလည်း ဒီဖြစ်စဉ်ကို ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဖြစ်စဉ်မှန်ကန်ကြောင်း KNG ကို အတည်ပြုပါတယ်။
“ပြည်သူနှစ်ဦးပေါ့နော်။ ရွာကိုပြန်ပြီးတော့မှ ဝက်စာကျွေးဖို့ဝင်တာလို့ ကြားတယ်။ အဲဒီအချိန်မှာ စကစရှိမှန်းမသိဘဲနဲ့ ဝင်သွားတဲ့အချိန်မှာ ဖမ်းပြီးတော့မှ သတ်ဖြတ်ခံရတာလို့ သိရတယ်။ ရွှေဘို–မြစ်ကြီးနားလမ်းမကြီးပေါ်ကပဲ” လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသား ၂ ဦးဟာ ညောင်ကုန်းရွာဘက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ မအူကုန်းရွာအနီးကို ရောက်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်တပ်က သူတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အသက် ၂၃ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ သေနတ်ဒင်နဲ့ အကြိမ်ကြိမ်ရိုက်နှက်ပြီး အနီးကပ်ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရသူရဲ့ ရုပ်အလောင်းကိုလည်း လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၅၀ ကျော်အရွယ်ရှိ နောက်ထပ်အမျိုးသားတစ်ဦးကိုလည်း လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နှိပ်စက်ကာ လယ်ပြင်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မအူကုန်း၊ ပိန်းအင်းနဲ့ လယ်ပြင်ရွာတွေဟာ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပြီး မအူကုန်းနဲ့ ပိန်းအင်းရွာတွေကို စစ်တပ်က အခုရက်ပိုင်းအတွင်း ပြန်လည်ထိန်းချုပ်ခဲ့တာလို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
“မအူကုန်း၊ ပိန်းအင်းနဲ့ လယ်ပြင်ရွာတွေက ဆက်နေတာ။ ဖြစ်စဉ်ကတော့ လုံးဝကို မှန်ပါတယ်။ အခု မအူကုန်း၊ ပိန်းအင်းရွာတွေက အခုရက်ပိုင်းမှာပဲ စစ်တပ်က ထိန်းချုပ်သွားတာ”လို့ ၎င်းက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) ကတော့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းခရီးအခြေအနေကို ကြိုတင်စုံစမ်းပြီး သက်ဆိုင်ရာဒေသတွေရဲ့ လုံခြုံရေးသတိပေးချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အင်းတော်မြို့နယ်မှာ အောက်တိုဘာလအတွင်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်တပ်ဟာ ဝန်းသို–ကောလင်းနဲ့ မအူကုန်း–ကျောက်တန်းဘက်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။
စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ အောက်တိုဘာ ၅ ရက်ကနေ ၁၈ ရက်အတွင်း လယ်နောင်၊ ကမ်းနီ၊ မဲဇာ၊ လယ်ဇင်၊ နန့်သဲ၊ ပိန်းအင်း၊ လယ်ပြင်နဲ့ မအူကုန်းအပါအဝင် ကျေးရွာအများအပြားကို စစ်တပ်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမီဒီယာတွေရဲ့ ဖော်ပြချက်မှာ မန္တလေး–မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းကို ၂၀၂၆ ခုနှစ် မေလ ၆ ရက်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့လည်း ပါရှိပါတယ်။
ဒါပေမဲ့ အောက်တိုဘာလအတွင်း အင်းတော်မြို့နယ်က ကျေးရွာတွေနဲ့ လမ်းပိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာကြောင့် ဒေသတွင်း နယ်မြေထိန်းချုပ်ရေးအခြေအနေတွေ ပြောင်းလဲနေတယ်လို့ တွေ့ရပါတယ်။
မအူကုန်းနဲ့ ပိန်းအင်းရွာတွေကို မကြာသေးမီရက်ပိုင်းအတွင်း စစ်တပ်က ထိန်းချုပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ကလည်း အတည်ပြုထားပါတယ်။
By – အမိုး




