စစ်အာဏာသိမ်းနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေ ပိုများလာတဲ့ ပူတာအိုဒေသ
ကချင်ပြည်နယ် ပူတာအိုဒေသတစ်ခုလုံးမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြား ပိုများလာနေတယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
အာဏာမသိမ်းမှီက လက်လုပ်လက်စားရွှေတူးဖော်မှုတွေသာရှိခဲ့ပေမယ့် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လလောက်ကနေ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှု နေရာအနှံ့မှာတူးဖော်လာကြပြီး လက်ရှိမှာတော့ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်အောက် မလိခမြစ်တစ်လျှောက်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်အထက်ဘက်တွေမှာ စက်ယန္တရားကြီးတွေနဲ့တရားမဝင်ရွှေတူးဖော်မှုတွေ တစ်နေ့တစ်ခြားပိုမိုများပြားလာနေတယ်လို့ ပူတာအို့မြို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ကျွန်တော်တို့ ပူတာအိုဒေသမှာရွှေတူးတာက အခုပိုပိုပြီးခေတ်စားလာနေတယ် ရွှေမတူးတဲ့လူကမရှိ သလောက်ပဲ အခု နမ်ဆဘွမ်ဘက်မှာဆိုရင် ပွဲခင်းလိုစည်ကားနေတာ ရွှေတူးတဲ့လူတွေက ရွှေမတူးသေးတဲ့နေရာမရှိတော့ နေရာအနှံ့ဖြစ်နေပြီး နောက်ဆိုမြေကြီးမြေမှန်တောင်မြင်ရတော့မှာမဟုတ်ဘူး ဟိုနေရာလည်းတူးတယ်ဒီနေရာမှာလည်းတူးတယ် နေရာတိုင်းမှာကိုတူးနေတာစက် ကြီးတွေနဲ့ကိုချနေတာ”လို့ အသက် ၄၈ နှစ်အရွယ်ရှိတဲ့အထက်ပါ အမျိုးသားကပြောပါတယ်။
ပူတာအိုဒေသမှာ တရားမဝင်ရွှေတူးဖော်မှုတွေဟာ အာဏာသိမ်းစ ၂၀၂၁ခုနှစ် နှစ်ကုန်းပိုင်းနဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်း ကာလအတွင်းမှာတော့ ပူတာအိုမြို့နယ်ထဲက လုံရွာယန်၊ ဆွမ်ပီယန်၊မချမ်းဘော့မြို့နယ်အောက်ဘက် မလိခမြစ်အောက်ပိုင်း စတဲ့နေရာတွေမှာတူးဖော်နေကြပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေတော့ ပူတာအိုမြို့နယ်ထဲက နောက်ထပ် နမ်ထူခူးကျေးရွာ၊ မကပ်မုံကျေးရွာ၊ မကျော့ဝါကျေးရွာနှင့် နမ်ဆဘွမ်ကျေးရွာတွေအထိ ရွှေတူးဖော်လာနေပြီး လက်ရှိအများဆုံးရွှေတူးဖော်မှုလုပ်ဆောင်နေတာကတော့ နမ်ဆဘွမ်ဘက်မှာဖြစ်တယ်လို့ ပူတာအိုမြို့နေ အခြားဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက မကပ်မုံနဲ့မကျော့ဝါတွေတော့တူးပြီးလို့နားသွားပြီဒေသခံတွေလည်းကန့်ကွက်တာတစ်ကြောင်း ပြီးတော့ရွာနဲ့လည်းအရမ်းကပ်လာကြလို့လေး အခုက နမ်ဆဘွမ်ဘက်မှာအတော်လည်း တူးနေတယ် ဘယ်လောက်ထိလည်းဆိုရင် ပွဲလိုကိုစည်နေတာ လုပ်ငန်းရှင်တွေက လယ်ကွက်တွေဝယ်ပြီးတူးတာ အခုဘယ်လိုဖြစ်နေလဲဆိုတော့ လုပ်ငန်းရှင်တွေက စက်နဲ့တူးတယ်သူတို့ ထမင်းစားနား နေ့လည် ၁၂ နာရီနဲ့တစ်နာရီကြားကို လက်လုပ်လက်စားတွေကိုတူးခွင့်ပေးထားတယ်အဲ့အချိန်ကတော့ အလုအယက်ဝင်တူးကြတယ် ပြောမယ်ဆိုဖားကန့်လိုဖြစ်နေတာ ကုမဏီနားတဲ့ချိန်ရေမဆေးတွေကျောက်ပေး ရှာခိုင်းတဲ့ပုံစံပဲ”လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
နမ်ဆဘွမ်ကျေးရာမှာတော့လက်ရှိလုပ်ငန်းရှင်တွေက လယ်တစ်ဧက ကိုကျပ်သိန်း ၅၀ ကနေ ကျပ် သိန်း ၁၀၀ အထိပေးဝယ်ကာတူးဖော်နေပြီး လယ်ဧရာအတော်များများ ဝယ်ယူထားပြီး စက်ယန္တရားအစီးပေါင်း ၂၀ ထက်မနည်းအသုံးပြုနေကာ နေ့နေ့ညည မနားတမ်းတူးဖော်နေကြတယ်လို့ သိရပါတယ်။
အလားတူ မချမ်းဘော့မြို့နယ်အောက်ဘက် မလိခ မြစ်တစ်လျှောက်၊ နမ်ထူခူးကျေးရွာ အနီးဝန်းကျင်နေရာတွေနှင့် လုံရာယာန်အနီးဝန်းကျင်၊ ဆွမ်ပရာဘွမ်မြို့နယ်ထဲက ပူတာအို မြို့နယ်ထဲ နယ်နိမိတ်ချင်းထိစပ်တဲ့နေရာတွေမှာလည်း စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်တာတွေ တစ်နေ့တစ်ခြားပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ခုလိုတရားမဝင်ရွှေတူးဖော်မှုတွေတစ်နေ့တစ်ခြားပိုမိုများပြားလာနေတာကြောင့် ပူတာအိုမြို့နည်နှင့် မချမ်းဘော့မြို့နယ်ထဲက မြစ်ချောင်း၊အင်းအိုင်တွေပျက်စီးလာတာ၊ ကျေးရွာတွေကိုဖြတ်သန်းစီးဆင်းသွားတဲ့အများပြည်သူသုံးရေ တွေပျက်စီးလာတာတွေအပြင် လယ်ယာမြေတွေပျက်စီးလာတာ၊ ဘိုးဘွားပိုင်မြေယာတွေပျက်ဆီးဆုံးရှုံးနေတာတွေကို ပူတာအိုဒေသခံတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မကျော့ဝါဘက်တူးတုန်းကဆိုရင် ရွာသားတွေသုံးတဲ့ချောင်းရေကလုံးဝနောက်နေတာသုံးလို့မရဘူး အဲ့လိုပဲ မလိခမြစ်တောင်မှာ မြစ်အောက်ဘက်ကအရင်လိုမဟုတ်ဘူးအခုက နောက်နေတာ မလိခမြစ်တစ်လျှောက်မှာဆိုလည်း ဒေသခံတွေပိုင်တဲ့အရင်ဘိုးဘွားပိုင်မြေတွေရှိတယ် အဲ့တာတွေလည်းအကုန် တူးနေတာ ခဏခနပြကသာနာတက်ကြတယ် ဒီတိုင်းဆိုနောက် လေး ငါးခြောက်နှစ်ကြာရင်ပူတာအိုသားတွေက လယ်ယာမြေတွေလုပ်စားကိုင်စားရခက်လာတော့မှာ” လို့ အထက်မှာဖော်ပြခဲ့တဲ့ လေယာဉ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိပူတာအိုဒေသမှာ စက်ယန္တရားကြီးတွေနဲ့ တရားမဝင်ရွှေတူးဖော်မှုကို ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်နေသူတွေထဲက သုံးပုံနှစ်ပုံလောက်ဟာ ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်တွေမဟုတ်ပဲ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းနဲ့အခြားအောက်ပြည်အောက်ရွာဘက်ကတက်လာတဲ့လုပ်ငန်းရှင်တွေ ပိုများနေတယ်လို့သိရပါတယ်။
ဒ့ါအပြင်လွန်ခဲ့တဲ့လကလည်း မကပ်မုံကျေးရွာမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဗျူဟာမှူးတို့ပူးပေါင်းပြီးတော့ ကျေးရွာ ရေကာတာပြုလုပ်တာကိုအကြောင်းပြပြီး ကျေးရွာရဲ့ခြံစည်းရိုးနားအထိ ဘတ်ဖိုးတွေနဲ့ တရားမဝင် ရွှေတူးဖော်မှုတွေလုပ်ဆောင်နေတဲ့အကြောင်း ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ KNGတသင်းဌာနကို သတင်းဖော်ပြလိုက်တဲ့နောက် ရပ်နားသွားခဲ့တယ်လို့ သိရပါတယ်။
အလားတူလက်ရှိ နမ်ဆဘွမ်ကျေးရွာမှာလည်း လုပ်ငန်းရှင်အချို့က လယ်မြေတွေကိုဝယ်ယူပြီးရွှေတူးနေတဲ့အတွက် တစ်ချို့လယ်ရှင်တွေက လယ်ကွက်ရောင်းချတာတွေရှိနေပေမယ့် လယ်ကွက်မရောင်းလိုတဲ့ လယ်ရှင်တစ်ချို့အတွက် အခုလိုရွှေတူးဖော်နေတာဟာ လာမယ့်စပါးစိုက်ရာသီမှာ လယ်ယာထွန်ယက်ဖို့ အခက်အခဲတွေဖြစ်လာနိုင်တယ်လို့သိရပါတယ်။
အဲ့ဒီတရားမဝင်ရွှေတူးဖော်မှုကို လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာရပ်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနှင့် ပူတာအိုက စစ်ကောင်စီတပ်ဗျူဟာမှူးတွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေဟာ အဲ့ဒီရွှေတူးဖော်မှုတွေကို ထိထိရောက်ရောက်တားမြစ်ဖို့ အခက် အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့ခံတစ်ယောက်က ပြောပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ ပူတာအိုနဲ့အလားတူ ကချင်ပြည်နယ်ထဲက တနိုင်း၊ ချီဖွေ၊ မိုးညှင်း၊ ဗန်းမော်၊မြစ်ကြီးနား၊ ဖားကန့်၊ ဝိုင်းမော်စတဲ့မြို့နယ်တွေ တရားမဝင်ရွှေတူးဖော်တာတွေ ယခင်ကထက် ပိုမိုများပြားလာနေတယ်လို့သိရပါတယ်။
By – Zaw Zaw