လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မံစီမှာစစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိ

နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး

ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းတမ်းပစ်ခတ်လို့ ကလေးငယ်တစ်ဦးထိခိုက်ရရှိထားပြီး နေအိမ်တစ်ချို့ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ မနေ့ညနေ ၄ နာရီကနေ ၅ နာရီလောက်ထိ စစ်ကောင်စီတပ်လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက် မံစီမြို့ မောရဝတီရပ်ကွက်ထဲက အသက် ၁၀ နှစ်အောက် မိန်းကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ပြီး နေအိမ်တစ်လုံး ရစရာမရှိအောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။

မံစီမြို့နားမှာ ခြေလျင်အမြောက်တပ်ရှိတယ်။ အဲ့ဒီစစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းတမ်းပစ်ခတ်တာ။ မနေ့ကတော့ မူကြိုအရွယ်ကလေးတစ်ယောက်ထိခိုက်သွားတယ်။ အိမ်တစ်အိမ်က လုံး၀ပျက်စီးသွားတယ်လို့ မံစီဒေသခံတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တဲ့ ကလေးတစ်ဦး ခန္ဓာကိုယ် ၄ နေရာလောက်ထိမှန်ထားပြီး လက်ရှိမံစီမြို့ဆေးရုံမှာ ဆေးကုသမှုခံယူ‌ နေက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ ကြားရှိ မံစီမြို့ တပ်မ ၈၈ ခြေလျင်အမြောက်တပ်က ခုရက်ပိုင်း လက်နက်ကြီးဆက်တိုက် ရမ်းတမ်းနေတယ်လို့ ဆိုပါတယ်။

ဘာဖြစ်လို့လဲမသိ၊ ဘာကြောင့်လဲမသိ တိုက်ပွဲမဖြစ်လည်း စစ်တပ်က သူတို့ကြိုက်သလို လက်နက်ကြီးတွေ ရမ်းတမ်းပစ်ခတ်ပြီး အရပ်သားနေအိမ်တွေထိခိုက်တာတို့ လူတွေထိခိုက်တာတွေဖြစ်နေတယ်။ အခု ဒီဘက်မှာက အတော်ကြီးတဲ့ စစ်တပ်ဆိုတာတော့မရှိဘူး။ဒါပေမဲ့ တစ်ဖက်မှာ KIA ဘက်က ဘယ်လိုလှုပ်ရှားနေတယ်ဆိုတာ သူတို့သိပုံရတယ်။ ဆိုတော့ သူတို့လည်း စိုးရိမ်ပြီး အဲ့ဒီလို လက်နက်ကြီးတွေ ရမ်းတမ်းပစ်ခတ်နေတယ်လို့ မံစီဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က မန်ဝိန်းကြီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်ဘက်ဦးတည်ရာလမ်းပေါ်ရှိ ကိုင်းထိပ်စစ်တပ်စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီးတစ်ပြိုင်နက် မံစီမြို့နဲ့ ဗန်းမော်မြို့တွေဘက်မှာ စစ်ရေးအခြေအနေတွေ တင်းမာလာတာဖြစ်ပါတယ်။

လက်ရှိ မံစီမြို့မှာ အရင်ကတည်းက ခိုလှုံနေတဲ့ စစ်ရှောင်တွေထဲက ဂိုမူလနေရပ် တောရွာတွေဘက်ကို နေရပ်ပြန်သွားသူတွေရှိသလို မြို့တွင်းလုံခြုံရေးမရှိလာတာကြောင့် ဒေသခံတွေလည်း ပြင်ဆင်မှုတွေနဲ့ သတိနဲ့သာ နေနေကြတယ်လို့ ဒေသခံတွေပြောပါတယ်။  

ဒါ့အပြင် မံစီမြို့ထဲမှာ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြာင့် အမျိုးသားတစ်ဦး နှလုံး ဖောက် သေဆုံးတာအပြင် ‌‌ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button