တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ကလေးငယ်နဲ့မသန်စွမ်းတွေအတွက် ကူညီထောက်ပံ့မှုဆက်လိုအပ်နေသေး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်၊မသန်စွမ်းတွေများစွာပါဝင်နေပြီး ဆေးဝါးနဲ့စားသောက်ကူညီထောက်ပံံ့မှု ဆက်ပြီးလိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ဒေသခံတွေပြည်သူတွေတစ်ချို့ တော၊ယာခင်းတွေမှာ ခက်ခက်ခဲခဲစစ်ရှောင်နေကြတာ ခုဆိုရင် ရက်ပေါင်း ၂၃ ရက်ရှိလာပြီ ဖြစ်ပါတယ်။
ဒီစစ်ဘေးရှောင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်နဲ့မသန်စွမ်းတွေပါဝင်နေတဲ့အတွက် အဓိကဆေးဝါးနဲ့အစားသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ခုကျမတို့ဒီမှာ လူဦးရေ ၃၀၀ ကျော်ပြီ ခြေထောက်မသန်တဲ့သူတွေလည်းပါတယ် ကိုယ်ဝန်ဆောင်မိခင်၊လသားအရွယ်မွေးထားတဲ့မိခင်တွေ၊ ကလေးသူငယ်တွေလည်းအများကြီးပါတော့ အဝေးကိုမသွားနိုင်ကြဘူး။ အဲဒါကြောင့်လည်း ဒီတောထဲမှာဘဲ သောင်တင်နေတဲ့အခြေနေဖြစ်နေတယ်။အဲကြောင့် ဆေးဝါးနဲ့အစားသောက်တွေကလိုအပ်နေသေးတယ်”လို့ ပြောပါတယ်။
တော၊တောင်၊ယာခင်းထဲစစ်ရှောင်နေတဲ့သူ ၃၀၀ ဝန်းကျင်ထဲက ကလေးသူငယ်၊မသန်စွမ်း၊သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း ၂၀၀ ခန့်ရှိတယ်လို့သိရပြီး နေရာထိုင်ခင်းအတွက် မိုးကာတဲထိုးပြီးနေရတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ချောင်းရေတွေမသန့်တဲ့အတွက် သောက်သုံးရေရှားပါးတဲ့ပြသာနာလေးကြုံတွေ့နေရသလို ခြင်၊ဖြုတ်ပေါ်လွန်းတာကြောင့် ဖျားနာသူတွေလည်း ရှိလာနေတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။
ဒါပေမယ့် လက်ရှိချိန်ထိ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဆက်ရှိနေသေးသလို KIA ပူးပေါင်းတပ်ဘက်ကလည်း ပိတ်ဆို့ထားဆဲဖြစ်တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေနေရပ်ပြန်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့ကနေစတင်လာတဲ့ တိုက်ပွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်ကအပြီးသတ်သိမ်းပိုက်လိုက်ချိန် စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုဟာ ပိုပြီးဆိုးရွားလာတဲ့အပြင် မူးယစ်ဆေးသမားတွေကို ငွေပေးပြီး နေအိမ်မီးရှို့ခိုင်းတဲ့အတွက် ဆိုင်းတောင်ရွာ ရပ်ကွက် ၄ နဲ့ ၃ နေအိမ်အားလုံးနီးပါးမီးလောင်သွားပြီဖြစ်ပါတယ်။
ဒါကြောင့် စစ်ဘေးရှောင်တွေဟာ နေအိမ်အများအပြားလည်း ဆုံးရှုံးထားကြတဲ့အပြင် စစ်ရှောင်ချိန်သယ်ဆောင်ခဲ့တဲ့ စားသောက်ကုန်တွေလည်း စစ်ရှောင်ကာလကြာမြင့်လာတဲ့အတွက် ကုန်နေပြီလို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။
“အစတော့ ကျမ မပြေးတော့ဘူးလို့ဆုံးဖြတ်ထားတာ မိသားစုကမစုံတော့ပြေးချင်စိတ်လဲမရှိတော့ဘူး။ သမီးက ဟိုတယ်ထဲပိတ်မိတဲ့ပါနေတော့ ပိုစိုးရိမ်တယ်။နောက်ပိုင်းတော့ လေယာဉ်ကြဲတာက နေလို့မရတော့တဲ့အထိဖြစ်လာလို့ ပြေးလာတာ။ ခုယူလာတဲ့စားစရာတွေလည်းကုန်နေပြီ။ ဒီမှာလုံးဝနေလို့မရတော့ဘူးဆိုရင်တော့ တစ်ခြားနေရာကိုထပ်ပြေးဖို့တော့ စဉ်းစားထားတယ်” လို့ ပြောပါတယ်။
ဆိုင်းတောင်တိုက်ပွဲကြောင့် ငွေကြေးတတ်နိုင်တဲ့ဒေသခံပြည်သူတွေဟာ ဖားကန့်မြို့ကနေတစ်ဆင့် မြစ်ကြီးနားနဲ့တစ်ခြားနေရာကို ပြောင်းရွှေ့သွားသူတွေရှိသလို ဖားကန့်မြို့ပေါ်မှာလည်း စစ်ရှောင် ၆ ထောင်ခန့်ထိရှိနေပြီဖြစ်ပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ ကချင်– စစ်ကိုင်းအစပ် အင်းတော်၊ထီးချိုင့်တိုက်ပွဲကြောင့် ကချင်ပြည်နယ်ထဲကို အဓိကကုန်တင်သွင်းတဲ့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်းလည်း ကားအသေးနဲ့သာပြေးဆွဲနေတဲ့အတွက် ကချင်ပြည်နယ်မှာအခြေခံစားသောက်ကုန်တွေဟာ စျေးအဆမတန်မြင့်လာတဲ့အပြင် ကုန်စည်ရှားပါးတဲ့ပြသာရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့် မြစ်ကြီးနားကနေတစ်ဆင့် ပြန်တင်သွင်းရတဲ့ ဖားကန့်မြို့နယ်ပြည်သူတွေအဖို့ စစ်ရေးအခြေနေကြောင့် ကုန်ကားအဝင်နည်းသွားတဲ့အပြင် ဆိုင်တစ်ချို့ပိတ်ထားရတဲ့အခြေနေရှိနေပြီး အခြေခံစားသောက်ကုန်ဝယ်ယူဖို့ ခက်ခဲလာတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အစစအရာရာခက်ခဲနေတာဖြစ်ပါတယ်။
မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်၊မိုးညှင်းခရိုင်ထဲမှာပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။
By – Zami