ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေက လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
မေလ ၁၄ ရက်နေ့ကစပြီး အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် နဲ့ SNA ပူးပေါင်းစစ်ကြောင်းတွေက KIA နဲ့ KPDF တွေ နယ်မြေစိုးမိုးထားတဲ့ ဆနွန်းကုန်း၊ အင်းသာဘက်ကို လေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်ပြီး တိုက်ခိုက်နေတယ်လို့ နန့်မွန်းမြို့ခံအမျိူးသားတစ်ဦးက KNG ကို ပြောပါတယ်။
“မနေ့ကတော့ ဆနွင်းကုန်းဘက်ကို လေယာဥ်နဲ့လာကျဲသွားတယ်။ စက်သေနတ်တွေနဲ့ကော လာပစ်သွားတယ် လက်နက်ကြီးသံတွေကတော့ တအုန်းအုန်းပဲကြားရတယ် ဆနွန်းကုန်း၊ အင်းသာဘက်ကိုဝင်ချင်တာ ခုကခံနေလို့ပေါ့”လို့ အသက် ၄၀ ကျော်အမျိုးသားကတစ်ဦးက ပြောပါတယ်။
စစ်ကြောင်း ထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁၅ ရက်နေ့ ညနေပိုင်း မွန်းလွှဲအချိန်မှာ ဆနွင်းကုန်းကျေးရွာ တစ်လျှောက်ကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲသွားသလို နန့်မွန်းမြို့ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဆနွန်းကုန်းနဲ့ အင်းသာတစ်ကြော စစ်ရေးတင်းမာနေတဲ့အတွက် နန့်မွန် – ဟဲပု – လုံစန့် ကားလမ်းပိုင်းကိုလည်း မေလ ၁၄ ရက်နေ့မှာ သွားလာခွင့်ပိတ်လိုက်တယ်လို့ သိရပါတယ်။
“အင်းအရှေ့ဘက်လမ်းကတော့ ပိတ်ထားတယ် သွားလို့ မရဘူး။ နန့်မွန်း – ဟဲပုလမ်းပေါ့လေ။ အင်းတော်ကြီး ဝှေခါလမ်းတော့ သွားလို့ရတယ် လမ်းတွေက တခြားဆီပဲ” လို့ နောက်ထပ် အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုလို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် အင်းတော်အရှေ့ဘမ်းခြမ်း ဟဲပု၊ ဟဲပါး၊ ဆနွင်းကုန်း၊ အင်းသာ စတဲ့ ကျေးရွာနေပြည်သူတွေကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိ အင်းတော်ကြီးဒေထဲမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ နောက်ပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာဟာ အင်းတော်ကြီးဒေသတစ်ခုတည်းမဟုတ်ဘဲ ဖားကန့်မြို့ထဲကို ဝင်လို့ ရတဲ့ လမ်းကြောင်း ၃ နေရာကနေ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။
ကားမိုင်းလမ်း ၊ အင်းတော်ကြီးဒေသနဲ့ ဆယ်ဇင်း – တာမခံ လမ်းမကြီး ၃ နေရာကနေ စစ်အင်အား တစ်ထောင်ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေက စစ်မျက်နှာ ၃ ခုနဲ့ ဖားကန့်ထဲကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် ဖားကန့်ဝင်ပေါက် လမ်းမကြီး ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
By – Zaw Zaw



