တိုက်ပွဲသတင်း

လုံးခင်းကျေးရွာကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး စစ်ကြောင်းပြန်လည် ထွက်ခွာ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ဖားကန့် စစ်တပ်ကုန်းဘက်ကို ဆက်လက်ချီတက်ဖို့ လူသားဒိုင်းအဖြစ် ရပ်မိရပ်ဖတွေကို ခေါ်ဆောင်ပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာနေကြပြီလို့ သိရပါတယ်။

ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာမှာ မေလ ၂၈ ရက်နေ့ မနေ့က တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းတွေဟာ ယနေ့ မနက်ပိုင်း ၈ နာရီခွဲအချိန်အထိ အဲဒီနေရာမှာ ပိတ်မိနေတာဖြစ်ပါတယ်။

လက်ရှိ ဖားကန့် လုံးခင်းကျေးရွာထဲမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကို အခုလိုပြောဆိုပါတယ်။

အခုလုံးခင်းမှာ ပိတ်မိနေတဲ့ စစ်ကြောင်းတွေက ဖားကန့် တပ်မကုန်းဘက်ကို သွားချင်းနေတယ်လို့ ရပ်မိရပ်ဖတွေကို တောင်းဆိုနေတဲ့အခြေအနေမှာ ရှိပါတယ်။ တကယ်လို့ သွားခွင့်မပေးရင် လုံးခင်းကို ဗုံးကြဲမယ် ဆိုပြီးတော့လည်း ပြောတယ်တဲ့။ ကောင်းကောင်းမွန်မွန် သွားချင်တယ်ပေါ့။ အဲ့ကြောင့် စစ်ကြောင်းတွေ တပ်မ ကုန်းဘက်ကို ထွက်သွားဖို့ အခြေအနေတော့ရှိနေပါတယ်” လို့ ပြောပါတယ်။

KNG ရရှိတဲ့ သတင်းအချက်အလက်အရ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထွက်ခွာဖို့ တောင်းဆိုနေတဲ့အတွက် ရပ်မိရပ်ဖတွေရဲ့ အကူအညီနဲ့အတူ စစ်ကောင်စီတပ်တွေ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်မှာ အရပ်သားတွေကို လူသားဒိုင်းအသုံးပြုပြီး ဖားကန့်မြို့ဘက်ကို ပြန်လည်ထွက်ခွာလာတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေနဲ့ အရပ်သားဟန်ဆောင်ပြီး စစ်ကြောင်းသွားနေတယ်လို့လည်း ဆက်သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ လုံးခင်းကျေးရွာထဲမှာ ရှိနေတဲ့ စစ်ကြောင်းတွေကို ထွက်လို့ မရအောင် လုံးခင်းနဲ့ မှော်စီစာဘက်ခြမ်းတွေကို ပိတ်ဆို့ထားပြီး မနေ့က စစ်ကြောင်းဝင်ရောက်လာချိန်ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေ မနေ့က တစ်ရက်လုံး ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းမသွားနိုင်ဘဲ ဒီကနေ့ မနက်ပိုင်းမှ ဖားကန့်ဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာလာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက မနေ့က လုံးခင်းကျေးရွာဘက်ကို စစ်ကြောင်းဝင်ရောက်လာတဲ့အချိန်မှာလည်း လက်နက်ကြီးတွေ ရမ်းသပ်ပစ်ခတ်မှုကြောင့် လယ်ပြင်ကျေးရွာအဝင် ကွန်ကရက်တံတားတစ်စင်းနဲ့ လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးသွားသလို အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button