ကွတ်ခိုင်မြို့ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့၊ရာစုသစ် ဟိုတယ် ( ၂ ) ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် လူ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ ဒီမနက် ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/ TNLA ထိန်းချူပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် (၂) ရှိ ဟိုတယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရာစုသစ်ဟိုတယ်အပါအဝင် နေအိမ် ၂ အိမ် ထိခိုက်ပျက်စီးပြီး အရပ်သားသေဆုံးမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ခါတိုင်းဆို လေယာဉ်သံကြားရတယ်။ မနေ့ညတော့ လေယာဉ်သံလည်း သိပ်မကြားဘူး။ အသံကြားတာနဲ့ ဗုံးကျသံကြားပြီ။ အဲမှာ ရာစုသစ်ဟိုတယ်ကို လာချတာဟုတ်တယ်။ ဘေးအိမ်လည်းထိတယ်။ ဟိုတယ်ထဲမှာ တည်းတဲ့ပြည်သူလည်း ထိခိုက်သေဆုံးတာဖြစ်တယ်”လို့ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဟိုတယ်ထဲမှာတည်းတဲ့ ပြည်သူ ၄ ဦး၊ ဘေးနားအိမ်က အသက် ၇၀ အရွယ်အဘွားအိုတစ်ဦး၊ မြေးဖြစ်သူ အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦး ၊ စုစုပေါင်း လူ ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးခန့် ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဉ်တစ်စီးနဲ့ တစ်ကြိမ် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဟိုတယ်ပျက်စီးမှုနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူတွေထဲမှာ မြစ်ကြီးနားဒေသခံနဲ့ ဗန်းမော်စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ ဆက်လက်သိရပါတယ်။
တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/ TNLA ထိန်းချူပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ်အတွင်း ပထမဦးဆုံး လာရောက်ဗုံးကြဲခြင်းဖြစ်သလို အခုလို ဗုံးကြဲရခြင်းအကြောင်းရင်းကို ဒေသခံက အခုလို ပြောပါတယ်။
“ဒီတလော သိန္နီမြို့ကို ကိုးကန့်တပ်က စစ်ကောင်စီကို ပေးလိုက်ဖို့ သဘောတူလိုက်ပြီလို့ သတင်းတွေကြားနေပါတယ်။ ဆိုတော့ သန္နီလည်း လားရှိုးလို စစ်ကောင်စီလက်ထဲ ရောက်သွားရင်တော့ ကွတ်ခိုင်မြို့တို့လို နေရာက မလွယ်ဘူးလို့ ပြောနေကြပါတယ်။ ဒီသတင်းက သေချာသလောက်ရှိနေတာကို မြင်ရတယ်။ ကိုးကန့်ဘက်က အရေးကြီးတဲ့ စာရွက်စာတမ်း လုပ်ဆောင်ရမဲ့ဟာတွေကို သူတို့ ထုတ်ယူ ပြင်ဆင်နေတာတွေလည်း တွေ့ရတယ်။ ဆိုတော့ တစ်နေ့ညကတည်းက လေယာဉ်ပျံသံတွေ ကြားရတာဟုတ်တယ်။ ကိုးကန့်တို့မရှိတော့ရင်တော့ ဒီကို လေယာဉ်ဗုံးဆက်တိုက်ပြန်ကြဲလာနိုင်တယ်လို့ ယူဆရတယ်”ဟုကွတ်ခိုင်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
ဒါ့ပြင် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကွတ်ခိုင်မြို့ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အထွေထွေအတွင်းရေးမှူးဖြစ်သူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဒုတိယစစ်ဦးစီးချုပ် တာဘုန်းကျော် ရောက်ရှိနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲခဲ့တဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် (၂ )ရှိ ရာစုသစ် ဟိုတယ်ဟာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ပုံမှန်ဝင်ထွက်သွားလာ တည်းခိုလျက်ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်ဖိအားကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ လားရှိုးကို စစ်ကောင်စီတပ်ထံ လက်လွှဲ အပ်လိုက်ပြီးနောက် တဆက်တည်း သိန္နီမြို့ကိုပါ စစ်ကောင်စီတပ်ပေးဖို့ တရုတ်ဆက်လက်ဖိအားပေးနေတာကြောင့် လက်ရှိကြားနေရတဲ့ အတွင်းသတင်းအရတော့ သိန္နီမြို့လည်း စစ်တပ်ထံ ရောက်ရှိသွားဖို့ သေချာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် သိန္နီမြို့သာ စစ်ကောင်စီထံ ပြန်ရောက်သွားရင် အခြားတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ သိမ်းပိုက် ထိန်းချူပ်ထားတဲ့ ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာမြို့တွေဘက်မှာ စိုးရိမ်ဖွယ် အလားအလာရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့စစ်တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောင်ချို့မြို့ကိုလည်း စစ်ကောင်စီတပ်ဘက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သလို PSLF/TNLA ထိန်းချူပ်ထားတဲ့ မြို့တွေကိုလည်း လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှု များစွာရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် ပြည်သူထောင်စုလမ်းမတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး တရုတ်အစိုးရကလည်း အဲဒီလမ်းတွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကိုးကန့် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ် TNLA ကို အတင်းဖိအားပေးနေခြင်းဖြစ်ပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ကတော့ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့ ဆွေးနွေးကာ အပစ်ရပ်သဘောတူထားပေမဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA ကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ စစ်တပ်နဲ့ နောက်ဆုံးတွေ့ဆုံ ဆွေးနွေးထားကာ အနည်းဆုံး ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီဖြစ်ပါတယ်။
TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်ရပ်ပြီး စစ်ရေးဖိအားလျှော့ချဖို့၊ စီးပွားရေးလမ်းကြောင်းတွေဖွင့်ဖို့ အဓိက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိထိ TNLA ဘက်ကတော့ စစ်တပ်နဲ့ အပစ်ရပ်ခြင်းမရှိပဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ စစ်တပ်ကလည်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့တွေကို လေကြောင်းဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



