ဖားကန့် ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း နှစ်ခုစလုံးကို စစ်တပ်က ပိတ်ဆို့ထားဆဲဖြစ်လို့ ပြည်သူတွေ ပိုမိုကြပ်တည်းလာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်တွေက ဖမ်းဆီးစစ်ဆေးတာတွေ တင်းကြပ်ထားတာကြောင့် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေကြတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်းမှာ ကုန်ကားတွေကို သွားလာခွင့်တားမြစ်ထားတဲ့အပြင် ကချင်လူမျိုးတွေကိုပါ အဓိက ဖမ်းဆီးစစ်ဆေးနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသခံ ကချင်လူငယ်တစ်ဦးက KNG ကို ပြောပြလာပါတယ်။
“ကုန်ပစ္စည်းတွေလည်း စစ်တယ် ဒါပေမယ့် လူကို အဓိကစစ်တယ်။ အခုလောလောဆယ်ဆိုရင် ကချင်လူငယ်တွေက လုံးဝသွားလာလို့မရတဲ့အထိ ဖြစ်နေတယ်။ လူကြီးပိုင်းတွေဆိုရင်တော့ စစ်ဆေးပြီး ပြန်လွတ်တာတွေတော့ရှိတယ်။ ပြန်လွတ်တဲ့ ကချင်လူကြီးပိုင်းတွေကို မှတ်ပုံတင်ကြည့်ပြီး နောက်တစ်ခေါက် ဒီလမ်းကနေ မဖြတ်ဖို့ ပြောဆိုလိုက်တာတွေလည်းရှိတယ်။ ပြီးခဲ့ရတဲ့ ရက်ပိုင်းမှာပဲ အသက် ၅၀ လောက်ရှိတဲ့ ကျနော့်သူငယ်ချင်းလည်း အဲ့လိုပြောခံရတယ်လို့ပြောပြတယ်”လို့ပြောပါတယ်။
အင်းတော်ကြီး – ဂွေခါလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ ခရီးသွားလာတဲ့ ပြည်သူတွေနဲ့ ကချင်ပြည်သူတွေ သွားလာတဲ့သူတွေ မရှိသလောက် ဖြစ်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ (SNA) တပ်တွေဟာ ကုန်တင်ကားတွေကိုလည်း သွားလာခွင့် ကန့်သတ်ထားပြီး ကုန်ပစ္စည်းတွေကို ဆိုင်ကယ်ကယ်ရီတစ်ခုတည်းနဲ့သာ သယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဖားကန့် ဂွေခါဘက်ကို ဦးတည်ပြီး သွားတဲ့ ကုန်ကားတွေကို နန့်မွန် ရှု့ခင်းသာ စစ်တပ်ဂိတ်နဲ့ လုံးတုံ ရှမ်းနီ SNA ဂိတ်တွေမှာ စစ်ဆေးရေးတင်းကြပ်ထားတာဖြစ်ပြီးတော့ တစ်ချို့ရက်တွေမှာ တစ်နေ့ကို ကုန်တင်ကား ၁၀ ခန့်သွားလာခွင့်ရှိသလို တစ်ပတ်ခန့်ကြာတဲ့အထိ တစ်စီးမှ သွားလာခွင့်မပေးတဲ့အချိန်တွေလည်းကြုံတွေ့နေရတယ်လို့ ကားသမားနဲ့ နီးစပ်တဲ့ ပြည်သူတွေ ဆီကနေ သိရပါတယ်။
အင်းတော်ကြီး – ဂွေခါလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ မိုင်းနောင်နဲ့ မမုံကိုင်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွတ်လိုက်ရတဲ့ နောက်ပိုင်း စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပိုင်းကို ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
မိုင်းနောင်နဲ့မမုံကိုင် ကျေးရွာနှစ်ခုကို သိမ်းပိုက်လိုက်တာနဲ့ ရှမ်းနီ SNA တပ်တွေက အင်းတော်ကြီးဒေသထဲမှာ ကချင်လူမျိုးတွေကို နေထိုင်လို့မရအောင် လူမျိုးမုန်းတီးရေး စကားတွေပြောဆိုကာ ဖမ်းဆီးသတ်ဖြတ်ဖို့အထိ ခြိမ်းခြောက်ပြောနေတာဖြစ်ပါတယ်။
အဲဒါကြောင့် အင်းတော်ကြီးဒေသထဲက နန့်မွန်းမြို့၊ မိုင်းနောင်၊ မမုံကိုင် စတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ အလုံးနီးပါးခန့်က ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်း ကချင်ပြည်သူ ၂ နှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတာ ဒီကနေ့အထိပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း အင်းတော်ကြီး – ဂွေခါလမ်းပိုင်းမှာ ကချင်လူမျိုးတွေ သွားလာလို့မရအောင် စစ်ဆေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။
တစ်ဖက်မှာ ခရီးသွားပြည်သူတွေ လူမျိုးရေးခွဲခြားဆက်ဆံကာ စစ်ဆေးရေးတင်းကြပ်ထားပြီး အခြေခံစားသောက်ကုန်တွေကို အဝင်နည်းအောင် ထိန်းချုပ်ထားတာတွေ့ရပါတယ်။
အခုလို လူဦးရေထူထပ်တဲ့ ဖားကန့်ထဲကို ဆိုင်ကယ် ကယ်ရီတစ်ခုတည်းနဲ့သာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားတဲ့အတွက် ကုန်ပစ္စည်းတွေ ပြတ်တောက်လာတဲ့အထိ ကြုံတွေ့နေရတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ဆက်ပြောပါတယ်။
“ကားက မဝင်သလောက်ရှိတယ်။ ဆိုင်ကယ်နဲ့ပဲ သယ်ယူခွင့်ရနေတယ်။ အဲ့ကြောင့် ကုန်ပစ္စည်းတွေ အရမ်းခက်နေတယ်။ SNA တပ်တွေ သွားခွင့်ပေးလိုက်တဲ့ ကယ်ရီနဲ့တင်တဲ့ ကုန်ပစ္စည်းတွေပဲရနေတယ်။ ကျနော်သိရသလောက်က ကားတွေက လုံးဝ ဝင်ခွင့်မရတဲ့ အနေအထားပါ။ သိရသလောက်က အခုကယ်ရီဆွဲနေတဲ့ သူတွေကလည်း ရှမ်းနီ SNA တပ်တွေနဲ့ နီးစပ်တဲ့ သူတွေလောက်ပဲ လုပ်နေကြတယ်ထင်တယ်။ ပြောရရင် SNA အုပ်ချုပ်တဲ့ နေရာက သူတွေဖြစ်မယ်။ တစ်ချို့ကားသမားတွေဆိုရင် ကားပြေးဆွဲတာတွေကို ရပ်နားထားတယ်”လို့ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲကို အခြေခံစားသောက်ကုန်တွေကို ဆိုင်ကယ် ကယ်ရီနဲ့သာ သယ်ယူခွင့်ပြုထားတာကြောင့် ကုန်စည်ပြတ်တောက်နေပြီး ဆန်နဲ့ အသား၊ ငါးတွေ တစ်သိန်း သုံးသောင်းဝန်းကျင်အထိ ကုန်စျေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
ဆိုင်ကယ်ကယ်ရီနဲ့ သယ်ယူရောင်းချခွင့်ရရှိနေတဲ့သူတွေကလည်း ရှမ်းနီ SNA နဲ့ နီးစပ် သူတွေကသာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။
အလားတူ နောက်ထပ် ဖားကန့်ထဲကို ဝင်လို့ရတဲ့ မိုးကောင်း – ကားမိုင်း ကားလမ်းပိုင်းကိုလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတာ ၄ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
အဲဒီလမ်းပိုင်းကို ဇူလိုင် ၁၆ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ ကားမိုင်း – မအူပင်ကျေးရွာအထက် အွမ့်ကထောင် ကျေးရွာကနေ နန့်ယား၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ပျားအုံး၊ ကပ်မှော် နဲ့ နန့်တိန့်ကျေးရွာအထိ လမ်းပိုင်းပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒါပေမယ့် ကားမိုင်း – မအူပင် နဲ့ နန့်တိန့်ကျေးရွာအထက်ပိုင်း ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ စစ်ကောင်စီတပ်တွေ သွားလာခွင့်ပိတ်ဆို့ထားတာဖြစ်ပါတယ်။
တစ်ဖက်မှာ KIA က လမ်းပိုင်းတစ်ချို့ကို ဖွင့်ပေးထားပေမယ့် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် ကာမိုင်း – နန့်ယား ဖားကန့်လမ်းကို အသုံးပြုလို့မရသေးတာဖြစ်ပါတယ်။
ဖားကန့်ထဲကို ကုန်စည်စီးဆင်းဖို့အတွက် အင်းတော်ကြီး – ဂွေခါလမ်းတစ်ခုတည်းကိုသာ အသုံးပြုပြီးနေရပေမယ့် လက်ရှိမှာ စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေက ကန့်သတ်ချက်တွေနဲ့သာ သွားလာခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။
အခုလို ဖားကန့်ဒေသထဲ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း နှစ်ခုစလုံးကို စစ်တပ်က ပိတ်ဆို့လိုက်တာက ဖားကန့်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ် ကြိုးပမ်းနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ စစ်တပ်က လက်လိုက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ ဖားကန့်ဒေသထဲကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာခဲ့ပြီး တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာ ၂ လကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
စစ်တပ်က ဖားကန့်ဒေသအတွက် စစ်ရေးအရ အလွန်အရေးပါတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်းကုန်း နှစ်နေရာမှာ ပြန်လည်အထိုင်ချနိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီပူးပေါင်းတပ်က စစ်မျက်နှာ၂ နှစ်ခုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဇူလိုင်လ ၂၅ ရက်ဝန်းကျင်အထိ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ မှော်ဆီစာ၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ အင်မားယန်၊ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး နဲ့ မော်မောလယန် စတဲ့ ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



