သတင်း

စစ်သင်္ဘောအားလုံး ဗန်း‌မော်ဘက်ကို ဆက်လက်ဆန်တက်နေပြီး မြစ်ကျဥ်းတဝိုက် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရောက် စစ်သင်္ဘောအားလုံး ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့ကိုဦးတည်ဆန်တက်နေတယ်လို့ မြစ်ကြောင်းတစ်လျှောက်စစ်ရေးအခြေနေစောင့်ကြည့်နေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လေကြောင်းကနေလည်း အမျိုးမျိုးသောရဟတ်ယာဥ်တွေနဲ့မြစ်ကမ်းဘေးတစ်လျှောက်ကိုပစ်ကူပေးနေပြီး စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်းခုခံနေတဲ့အတွက် နှစ်ဖက်တပ်အကြားအပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“စစ်သင်္ဘောတွေကဒီမနက်အားလုံးတက်ကြတယ်တဲ့။အဲ့မှာမြစ်ကျဥ်းတစ်ဝှိုက်ပစ်ကြခတ်ကြတော့ တစ်စီးကတော့မီးလောင်တယ်လို့ပြောတယ်။တစ်စီးကတော့ ပျက်ဆီးသွားပြီးအလုပ်လုပ်လို့မရတော့လို့ အဲ့တာတွေကိုပြန်တွဲခေါ်ပြီးတော့မှ တက်နေတယ်လို့ပြန်ကြားရတယ်”လို့ပြောပါတယ်။

ဒါ့အပြင် မြေပြင်စစ်ကြောင်းအနေနဲ့ မြစ်ကမ်းဘေးတစ်လျှောက်အသင့်နေရာယူထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းတစ်ပြိုင်နက်စစ်ရေးလှုပ်ရှားတာတွေရှိတယ်လို့ သိရပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း နှစ်သုတ်ခွဲပြီးတက်လာခဲ့တဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေထဲက ၁၂ စီးဟာရွှေကူမြို့ကိုပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ညပိုင်းကပဲရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရွှေကူမြို့ကိုစစ်သင်္ဘောတွေရောက်ရှိပြီးတဲ့နောက် ဇူလိုင် ၂၇၊ ၂၉၊ ၃၁ ရက်နေ့တွေမှာလည်း အထက်ဘက်ကိုဆက်လက်ဆန်တက်ဖို့ကြိုးစားခဲ့သေးတယ်လို့သိရပါတယ်။

နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက“ဒီနေ့ကတော့တိုက်ပွဲပေါ့လေ။ ဂျက်ဖိုက်တာတွေရောအစုံပဲတိုက်ခိုက်နေတာအစုံပဲ။ စစ်သင်္ဘောတွေက မြစ်ကျဥ်းထဲမှာပဲရှိသေးတယ်။ရွှေကူက သင်္ဘောတွေအကုန်တက်တာ။ စစ်ကားကြည့်နေရသလိုပဲဗျာ”လို့ပြောပါတယ်။

အဆိုပါစစ်သင်္ဘောတွေဆန်တက်လာချိန်တစ်လျှောက်မှာတော့ မြစ်ကြောင်းရှင်းလင်းရေးအနေနဲ့ မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ခဲ့ပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကမ်းကနေစစ်သင်္ဘောတွေစတင်ထွက်ခွာလာတဲ့ ဇူလိုင်လ ၁၇ ရက်နေ့လေကြောင်း တိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ်ကျေးရွာ၂ရွာက ဒေသခံ ၂၂ ဦးသေဆုံးခဲ့ရပြီး၊ ဇူလိုင်လ ၂၆ ရက်နေ့က ကသာမြို့၊ ရွှေကူမြို့တွေလေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား၂ ဦးအထိသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ်ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button