လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး KBC ဘုရားကျောင်းဝင်းထဲကျပြီး စစ်ရှောင် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်က စစ်မျက်နှာမဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထား ပစ်ခတ်နေတဲ့အတွက် အရပ်သားသေဆုံးမှုမြင့်တက်နေသလို  ဩဂုတ်လ ၇ ရက်နေ့ တစ်ညထဲမှာပဲ လက်နက်ကြီးကျမှန်ပြီး စစ်ရှောင်တသေဆုံးကာ ၅ ဦးဏ်ရာရရှိခဲ့ပါတယ်။

မနေ့ည ၉ နာရီခွဲအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲကြောင့် တိမ်းရှောင်နေတဲ့ကြတဲ့ ဖားကန့် ဆိုင်းတောင် ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းမှာ ကျမှန် ပေါက်ကွဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဟိုလို တိုက်ပွဲကြီးအနေနဲ့တော့ ရှိနေတာမဟုတ်ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်က ညညဆို ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ။ အခုရက်ပိုင်းဆိုရင် ပိုဆိုးတယ်။ လူနေရပ်ကွက်တွေကိုပဲ ချိန်ပြီးပစ်နေတာ။ အဲ့ဒါကြောင့် နေစဉ် ထိခိုက်သေဆုံးမှုတွေဖြစ်နေတာ။ မနေ့ညဆိုရင်လည်း ဖားကန့်ဗျူဟာကုန်းကနေ ပစ်တဲ့ လက်နက်ကြီးက ဆိုင်းတောင်က KBC ဘုရားကျောင်းမှာ ထိတာ။ အဲ့ကြောင့် အမျိုးသမီးတစ်ဦးဆုံးတယ် ကလေးငယ်တွေက အစထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ပြောပါတယ်။

စစ်တပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် KBC ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ကလေးငယ် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ အသက် ၅၀ ကျော်အရွယ် ဒေါ်ဘွမ့်ဆမ်ဆိုသူဖြစ်ပြီးတော့ ဒေါ်လရှီးဒွဲလိန်၊ မဂျာဆိုင်းရွယ်အိန်၊ မောင်မုန်လတ်နော်၊ မောင်ဂျုံးလွမ်း ကလေးငယ်တွေပါ ၅ ဦး ဒဏ်ရာပြင်းထန်ရှိခဲ့ပါတယ်။

ဖားကန့်တိုက်ပွဲဟာ ဩဂုတ်လဆန်းပိုင်းက ရှရော်ခ ညောင်ပင်ကုန်းနေရာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှာ KIA နဲ့ PDF တပ်တွေ ထိုင်ထားတဲ့ ရှရော်ခညောင်ပင်ကုန်း တပ်စခန်းကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဩဂုတ်လ ၃ ရက်နေ့မှာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ခုခံတိုက်ခိုက်ပြီး ဩဂုတ်လ ၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၅ ရက်အတွင်းမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများတာကြောင့် စစ်တပ်ဘက်က အခုလို စစ်မျက်နှာပြင်မဟုတ်တဲ့ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် အရပ်သားသေဆုံးမှု မြင့်တက်လာခဲ့တာဖြစ်ပါတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

ဩဂုတ်လ ၅ ရက်နေ့ညမှာလည်း ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ယူမာကျေးရွာမှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အလားတူ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက် နှစ်ရက်စလုံး ညအချိန် လက်နက်ကြီးပစ်ခတ်ခံရတာကြောင့် ရှရော်ခ၊ ဆန်းကြွယ်၊ မျောက်ဖြူ စတဲ့ ကျေးရွာတွေမှာ လက်နက်ကြီး ကျမှန်ပေါက်ကွဲခဲ့ပြီး ကလေငယ် တစ်ဦးအပါ ၄ ဦးသေဆုံးခဲ့ပြီး ၉ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါကြောင့် တစ်ပတ်ကျော်အတွင်း  စစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၇ ဦးအထိ ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ တိုက်ပွဲပြန်လည်ဖြစ်လာချိန် ပြီးခဲ့တဲ့ ၃ လကျော်အတွင်း အရပ်သားသေဆုံးမှုများစွာရှိခဲ့သလို ဩဂုတ်လအထိ သေဆုံးမှုမြင့်တက်လာနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ၊ မေလအတွင်း ဖားကန့်ဒေသထဲ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေက လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်လည်ရယူဖို့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။

ဖားကန့်ဒေသထဲမှာ စစ်ရေးအတွက် အရေးပါတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်းကုန်း နှစ်နေရာကို ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဇွန်လကတည်းက မှော်ဆီစာ၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ မော်မောလယန် ၊ ရှရော်ခ စတဲ့ ကျေးရွာနေရာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button