သတင်း

ENDA တပ်ဖွဲ့ ရဲ့ တပ်သားစုဆောင်း ဖမ်းဆီးခံရမှုကြောင့် လူငယ်တွေသွားလာရေးအခက်တွေ့နေ

ဆယ်ရက်ကျော်အတွင်း လူငယ် ၃၀ ခန့် ဖမ်းဆီးခံရ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့အနီးတဝိုက်မှာ အရှေ့နာဂကာကွယ်ရေးတပ်မတော် ENDA တပ်ဖွဲ့တွေ တပ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ သွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။

ENDA တပ်ဖွဲ့တွေက ဇူလိုင်လ ၂၈ ရက်နေ့ ရှင်ဗွေယန်မြို့ခံ လူငယ် ၁၀ ဦးကို ဖမ်းဆီးသွားပြီးနောက် ဩဂုတ်လ ၇ ရက်နေ့အထိ ခရီးသွားလာတဲ့ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ရှင်ဗွေယန်မြို့ခံတွေပြောပါတယ်။

လက်ရှိ တပ်သားသစ်စုဆောင်း ဖမ်းဆီးနေတာကြောင့် လူငယ်တွေ အိမ်ပြင်မထွက်ရဲတဲ့အထိ သွားလာရေးမှာ အခက်အခဲဖြစ်နေတယ်လို့ ရှင်ဗွေယန်မြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒီကလူတွေက အိမ်တိုင်းလိုလိုတောင်ယာလုပ်၊အခင်းလုပ်မှပဲစားကြတာ အခုတောင်ယာလည်းသွားလို့မရဘူး ဘယ်မှလည်းမသွားရဲမလာရဲကြဘူး လမ်းပေါ်တွေ့တာနဲ့ဖမ်းခံရဖို့ကရာခိုင်နှုန်းများနေပြီးအဲ့တော့လူငယ်တွေက အိမ်ထဲက အိမ်ပြင်မထွက်ရဲကြတဲ့ခြေနေဖြစ်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကနေ ဩဂုတ်လ ၇ ရက်နေ့အထိ ရှင်ဗွေယန်မြို့ပေါ်နဲ့ တဆိပ်ရွာ၊ တခက်၊ ခလုံးရွာ စတဲ့ ကျေးရွာထဲက လူငယ် စုစုပေါင်း ၃၀ ထက်မနည်း တပ်သားသစ်အဖြစ် ဖမ်းဆီးခံထားရတယ်လို့ နောက်ထပ် နာဂကျောင်းသားများအဖွဲ့ (NSO) ရဲ့ တာဝန်ရှိသူတစ်ဦးလည်း ဆက်ပြောပါတယ်။

ဒေသခံတွေကျနော်တို့ နာဂကျောင်းသားအဖွဲ့ကို ပေးပို့လာတဲ့ အချက်အလက်အရတော့ ဒီရှင်ဗွေယန်မြို့နဲ့ မြို့အနီးရွာတွေထဲက လူငယ် ၃၀ အနည်းဆုံးရှိတယ်ဖမ်းခံရတာ မနက်တောင်ယာသွားပြီး ညပြန်မလာနိုင်ပဲ ဖမ်းခံသွားရတာတွေ၊ခရီးသွားရင်းဖမ်းခံရတာတွေပေါ့လို့ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၀ ခန့်ထဲမှာ ရှင်ဗွေယန်မြို့ပေါ် နဲ့ ခလုံး၊ တခက် စတဲ့ ကျေးရွာတွေကလည်းပါဝင်တယ်လို့ သိရပါတယ်။

အရင်ကလည်းဖမ်းတာတော့ဖမ်းနေတာပဲဒါပေမယ့်အရင်ကတော့ တနိုင်းရှင်ဗွေကြား လီဒိုလမ်းပေါ်မှာခရီးသွားလူငယ်တွေကိုပဲ ဖမ်းတာအခုက မြို့၊ရွာထဲထိရောက်လာတော့ ဒါကမဖြစ်သင့်ဘူး လူငယ်တွေ ဘာမှလုပ်လို့ကိုင်လို့မရတဲ့အခြေအနေဖြစ်နေတယ်လို့ အထက်မှာ ဖော်ပြခဲ့တဲ့ ရှင်ဗွေယန်မြို့ခံ အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ယခုလို ရှင်ဗွေယန်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်  KIA နဲ့ ENDA ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတွေထင်မြင်နေကြပေမယ့် ENDA ကတော့ KIA  မပါဝင်ကြောင်း မိမိတို့ ENDA တပ်ဖွဲ့ကသာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။

ENDA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃၊၂၀၂၄ ခုနှစ်တွေမှာလည်း ရှင်ဗွေယန်၊ တနိုင်း လီဒိုကားလမ်းပေါ်မှာ ခရီးသွားလာတဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် အများအပြားဖမ်းဆီးမှုခဲ့ပြီး ဖမ်းဆီးခံရတဲ့ လူငယ်တစ်ချို့က လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ လူငယ်တွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်မှ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button