မြစ်ကြီးနားမြို့မှာ အမေအိုသားအမိနှစ်ဦးလုယက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမေအိုနဲ့သမီးဖြစ်သူတို့ ဆိုင်ကယ်လုယက်ခံရတယ်လို့ မိသားစုဝင်တွေဆီကနေ သိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ည ၇ နာရီဝန်းကျင် ဂျန်မိုင်ကောင်းရပ်ကွက် ဆုတောင်းအိမ်ကနေ ဆိုင်ကယ်စီးပြီး ပြန်လာချိန်လူငယ်၂ ဦး နောက်ကနေ ပိုက်ဆံအိတ်ကို လုယက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
လုယက်သူတွေဟာ ပိုက်ဆံကို အနောက်ကနေ ဆွဲလုလိုက်တာဖြစ်တဲ့အတွက် ဆိုင်ကယ်လှဲကျပြီး အသက် ၇၅ နှစ်ရှိ အမေဖြစ်သူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ခုလိုပြောပါတယ်။
“အဖွားက မျက်နှာနဲ့ ဒူးတွေမှာ ဒဏ်ရာရသွားတယ်။ အဲဒီလုတဲ့ လူငယ်၂ ဦးထဲက တစ်ယောက်က အရပ်ပုပြီး မျက်နှာပြားပြားနဲ့ တစ်ယောက်ကတော့ ပိန်ပိန်လေးဟုတ်တယ်”လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကြောင့် အမေအိုဖြစ်သူ တော်တော်လေး ထိန့်လန့်နေခဲ့တယ်လို့ ဆက်ပြောပါတယ်။
ဒါပေမယ့်လည်း ဘေးပတ်ဝန်းကျင်ကလူတွေအများကြီး ပြန်ထွက်လာတဲ့အတွက် ပိုက်ဆံအိတ်နဲ့ဆိုင်ကယ်ပါမသွားဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လက ခိုးဆိုးလုယက်မှုပေါင်း ၇ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး လုယက်သူတွေကနေပြီးတော့ ဓားထိုးမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒီနောက်ပိုင်း လုယက်သူတွေထဲမှာ အုပ်စုဖွဲ့နဲ့ လုပ်ဆောင်နေတဲ့ ဆယ်ကျော်သက် လူငယ်အရွက်ကနေ သက်လတ်ပိုင်းအရွယ်တွေထိ ပါဝင်ပြီး တုတ်၊ ဓား၊ သေနတ်တွေလည်း ကိုင်ဆောင်ထားကြတယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေကနေ ခိုးဆိုးလုယက်သူတွေကို သေချာအရေးယူဆောင်ရွက်စေလိုပေမယ့်လည်း တာဝန်ရှိသူတွေဟာ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ် ဖမ်းဆီးတာတွေကိုပါ အဓိကလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၃၀ ဝန်းကျင်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။
By – Hope


