ဆွမ်ပရာဘွမ်၊အင်ဂျန့်ယန်မြို့နယ်တစ်လျှောက် ကြွက်သောင်းကျန်းလို့ ကောက်ပဲသီးနှံအားလုံးဖျက်စီးခံရ
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်မြို့နယ်တစ်လျှောက် ကြွက်ဘေးသင့်ပြီး စပါးအပြင် တစ်ခြားသောကောက်ပဲသီးနှံတွေ အကုန်ပျက်စီးသွားပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်ယန် မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ ယခင်နှစ်ကလည်း ကြွက်ဘေးသင့်ခဲ့ပေမယ့် စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတစ်ချို့ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ စိုက်ပျိုးထားသမျှအကုန်ပျက်စီးပြီးကောက်ပဲသီးနှံဆုံးရှုံးမှု အဆိုးရွားဆုံးနှစ်ဖြစ်တယ်လို့ ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။
“ကြွက်တွေက စပါးတွေအကုန်စားလိုက်ရုံသာမက ဒီလယ်မှာစိုက်ထားတဲ့ ရွှေဖရုံ၊ ကျောက်ဖရုံ အကုန်ဖျက်စီးလိုက်တယ်။ ဆွမ်ပရာဘွမ်မှာက စိုက်ထားတဲ့ ရှောင်ကောတွေလည်း အကုန်စားလိုက်တဲ့ အနေအထားဟုတ်တယ်။ ဆိုတော့ ဘာမှမယူလိုက်နိုင်ဘူးပေါ့”လို့ ဆိုပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်မြို့နယ်တွေမှာရှိတဲ့ လယ်နဲ့တောင်ယာတွေမှာ စပါးနဲ့ အခြားသီးနှံအမျိုးမျိုးကို ဇွန်လကနေ စတင်စိုက်ပျိုးကြတာဖြစ်ပြီး အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလလောက်မှာ ပြန်လည် ရိတ်သိမ်းကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနှစ်မှာတော့ စပါးသီးနှံတွေအနည်းငယ် သီးပွင့်လာတာနဲ့ ကြွက်တွေကိုက်စား ဖျက်စီးလိုက်တာကြောင့် ရိတ်သိမ်းဖို့ စပါးမရှိတော့ဘူးလို့ ဒေသခံ တွေ ပြောပါတယ်။
ခုလို ကြွက်တွေပေါများလာတာဟာ စပါး၊ ကောက်ပဲသီးနှံစိုက်ပျိုးထားတဲ့ ပတ်ဝန်းကျင်တွေမှာ ကြွက်တွေခိုအောင်းနိုင်တဲ့ဝါးရုံတောကြီးတွေရှိနေတဲ့အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပြီး ခုဆို ကြွက်သောင်းကျန်းမှုကြောင့် တောင်ယာ၊ လယ်ယာကိုသာ အဓိက မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေး ပိုမို အခက်တွေ့လာတယ်လို့ နောက်ထပ် ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသား လူငယ်တစ်ဦးက ခုလိုပြောပါတယ်။
“အခုက လူမှုကူညီရေးအသင်းတွေလည်း ရောက်ဖို့ခက်တယ်လေဒီမှာက။ ဥပမာ ဆန်ပေးမယ်ဆိုရင်လည်း သယ်ယူပို့ဆောင်ရေးက ခက်။ ပိုက်ဆံဆိုရင်လည်း ဒီမှာက လောက်ငှအောင်ဝယ်စားဖို့က မရှိ ဝယ်လို့ကမရ ခက်နေတာကပါ”လို့ ဆိုပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်မှာ ကျေးလက်နေ အိမ်ခြေ ၆၆၂ခု၊ မြို့နေ အိမ်ခြေ ၁၈၁၊ ကျေးရွာပေါင်း ၈၅ခု နဲ့ လူဦးရေ ၉၇၁၆ဦးရှိပြီး အင်ဂျန်ယန် မြို့နယ်မှာတော့ မြို့နေအိမ်ခြေ ၉၈ခု၊ ကျေးလက်နေ အိမ်ခြေ ၁၅၁၄ ကျေးရွာပေါင်း ၃၁၃ခု လူဦးရေ ၈၄၈၅ဦး ရှိတယ်လို့ ကချင်ပြည်နယ် မြို့နယ် အထွေထွေ ဦးစီးရေးဌာနရဲ့ ၂၀၂၉ခုနှစ်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကိန်းဂဏန်းတွေကို ကြည့်လိုက်လို့ရှိရင် ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်မြို့နယ်တွေမှာ မှာ ကျေးလက်နေ လူဦးရေးပိုမိုများပြားနေတာကို ကြည့်ချင်းအားဖြင့် လယ်ယာ၊တောင်ယာ လုပ်ငန်းလုပ်ကိုင်သူတွေ ပိုမိုများပြားနေတာကို တွေ့ရပါတယ်။
ဒါပေမယ့်လည်း ခုလို ကြွက်ဘေးသင့်မှု အဆိုးဆုံးအခြေအနေကို ရောက်နေတဲ့ ဒေသခံတွေအတွက် ပိုမိုခက်ခဲလာပြီး အကူအညီတွေလိုအပ်နေတာ ဖြစ်ပါတယ်။
လက်ရှိ ဧရာဝတီမြစ်အထက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်ယန်မြိုနယ်တွေကိုတော့ KIA ပူးပေါင်းတပ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၄ မေလဆန်းမှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေအရ မြစ်ကြီးနားမြို့ကနေ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်ယန်သွားလမ်းတစ်လျှောက် နှစ်ဖက်တပ်ဘက်က စစ်ဆေးရေးတွေ တင်းကြပ်နေတဲ့အတွက် သယ်ယူပို့ဆောင်ရေးတွေလည်း ခက်ခဲနေတာ ဖြစ်ပါတယ်။
By – Hope



