သတင်း

စစ်ရေးကြောင့် ဖားကန့်မြို့ပေါ်ကျောင်းများတစ်ပတ်ကြာပိတ်ထားမယ်လို့ သိရ

ဖားကန့်မြို့တွင်း စစ်ရေးအခြေနေတွေကြောင့် မြို့ပေါ်ကျောင်းတွေအားလုံး တစ်ပတ်တိတိပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က စက်တင်ဘာလ ၂ ရက်နေ့ကစတင်ကာ ပိတ်ထားတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေကြောင့်လို့ သိရပါတယ်။

ဒေသခံအမျိုးသားတစ်ဦးကကျောင်းတွေပိတ်ထားတာဟုတ်တယ်။ အထက်တန်းကျောင်းတွေရောပေါ့ တစ်ပတ်လို့သိရတယ်။ စစ်ကောင်စီဘက်ကထုတ်ပြန်တာလို့ပြောတယ်။ ဖားကန့်မြို့ပေါ်ရပ်ကွက်ပဲဟုတ်တယ်။ စစ်ရေးတင်းမာနေတဲ့နေရာတွေလောက်ပဲထင်တယ်။ ကျန်တဲ့နေရာတွေတော့သွားနေတာတွေရှိတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း မရှီကထောင်၊ ဆောင်းချိန်၊ အမှိုက်ပုံ၊ မှော်ဝှမ်းကြီး၊ မှော်ဝမ်းလေးအပါအဝင် လုံးခင်းကျေးရွာတွေအပြင် တစ်ခြားသော သူတို့စိုးမိုးနိုင်တဲ့နေရာတွေကိုပတ်ပြီး စစ်ရေးလှုပ်ရှားနေပြီး ဒရုန်းဗုံးကြဲချတာ၊ လက်နက်ကြီးပစ်ခတ်တာတွေလုပ်လေ့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့ရက်ပိုင်းကလည်း မရှီကထောင်ရပ်ကွက်က အရပ်သား ၃၀ ကျော်ကိုလည်းဖမ်းဆီးခဲ့သလို လက်ရှိ ဖားကန့်မြို့တွင်းစစ်ရေးအခြေနေကို အထက်ပါဒေသခံအမျိုးသားကအခုလိုဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က တွေ့တဲ့လူကိုဖမ်းဆီးတာတွေရှိတယ်။ ဘယ်သူဘယ်ဝါရယ်လို့မဟုတ်တော့ဘဲ တွေ့တဲ့လူ၊ သံသယရှိတဲ့လူကိုဖမ်းနေတဲ့အခြေနေမျိုးဟုတ်တယ်။ သူတို့လှုပ်ရှားမှုတွေကြောင့်လည်းစစ်ရေးအရှိန်ကမြင့်လာတဲ့သဘောရှိတယ်။ လောလောဆယ်တော့တိုက်ပွဲအကြီးကြီးတွေမရှိပေမဲ့ ထိတွေ့တိုက်ပွဲတွေ့တော့ရှိနေတယ်လို့ပြောပါတယ်။

ဖားကန့် မြို့ပေါ်က အထက ဖားကန့်အပါအဝင် အထကခွဲ မှော်ဝမ်း၊ မရှီကထောင် အလက ကျောင်းတွေအပါအဝင် စာသင်ကျောင်း ၅ ကျောင်းဝန်းကျင်ပိတ်ထားရတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့စစ်ရေးအခြေနေတွေအကြားကျောင်းတွေအားလုံးမဖွင့်နိုင်ဘူးလို့သိရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေလည်းခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် အသွားအလာဂရုစိုက်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ပူးပေါင်းတပ်တွေကတိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတစ်ဝှမ်းမှာ သူတို့လက်လွှတ်ထားရတဲ့မြို့တွေကိုပြန်လည်ရယူဖို့အရှိန်အဟုန်မြင့်ကြိုးစားလာနေပြီးကချင်ပြည်နယ်မှာလည်း ဖားကန့်၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာတိုက်ပွဲပြင်းထန်နေပါတယ်။

By – အမိုး

Show More

Related Articles

Back to top button