သတင်း

မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက် ပွဲပြင်းထန်နေ

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့မမုံကိုင်ကျေးရွာကြားမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်တပ်ပူးပေါင်းတပ်ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မမုံကိုင်ကျေးရွာဘက်ကို စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာလို့ မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မမုံကိုင်က ဒီ KIA ကထိန်းချုပ်ထားတာလေ ရှမ်းနီဘက်က မိုင်းနောင်ကနေတက်လာတာ အခုဖြစ်နေတာက မိုင်းနောင်နဲ့မမုံကိုင်ကြားရွှေတူးတဲ့နေရာမှာဖြစ်နေတာ ပြီးခဲ့တဲ့နှစ်ရက်၊သုံးရက်နေ့ကလည်းဖြစ်တယ် မနေ့ကလည်းဖြစ်တယ်ဒီနေ့ကောထပ်ဖြစ်နေတယ် မိုင်းနောင်ထဲတောင်ဝင်လို့မရဘူးလို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

လက်ရှိ KIA ပူးပေါင်းတပ်တွေက မမုံကိုင်ဘက်ခြမ်းမှာနေရာယူထားပြီး စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တွေက မိုင်းနောင်ကျေးရွာဘက်ကနေရာယူထားတဲ့အတွက် အဲ့ဒီကျေးရွာနှစ်ရွာကြားကတောစပ်မှာထိတွေ့တိုက်ပွဲဖြစ်နေသလို လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဒါကြောင့် လက်ရှိမိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာနေပြည်သူတွေဟာ စက်တင်ဘာ ၁ ရက်နေ့ကစ ပြန်ပြီးထွက်ပြေးတိမ်းရှောင်သူတွေရှိနေတယ်လို့‌ နောက်ထပ် မိုင်းနောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

မမုံကိုင်လည်းထွက်ပြေးနေရတာပဲရွာထဲလူတောင်သိပ်မနေတော့ဘူး။ ကျနော်တို့မိုင်းနောင်ကတော့ SNA တွေနဲ့တိုးတာနဲ့ဖမ်းခံရတာ ဟိုနေ့က အိမ်ခနပြန်တာ လမ်းမှာတွေ့လို့ ဖမ်းခံလိုက်ရသေးတယ် လက်နောက်ပြန်ကြိုးတုတ်ပြီးကိုစစ်မေးတာ ရွာထဲဆိုတိတ်ဆိတ်နေတာလို့ သူကဆက်ပြောပါတယ်။

မိုင်းနောင်၊မမုံကိုင်ကျေးရွာအပါ အဝင် အနီးဝန်းကျင်ကရွာပေါင်း ၅ ရွာက ပြည်သူတွေဟာ ဟိုပင်၊မိုးညှင်းဘက်ကိုတိမ်းရှောင်နေရကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့အတွက် ဒီနှစ် မေလကတည်းကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့်လက်ရှိအချိန်အထိအင်းတော်ကြီးနေရာအများပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲက ဝှေလုံ၊ ချောင်းဝ ၊ ညောင်ပင်ကျေးရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်မေလမှာ သိမ်းပိုက်လိုက်ပြီးနောက် ရှမ်းနီပြည်သူ့စစ်တွေဟာ မိုးညှင်းမြို့ကနေဝင်ရောက်လာပြီး ၂၀၂၄ ခုနှစ် ဇွန်လ တတိယပတ်ကတည်းကနေ အင်းတော်ကြီးဒေသထဲမှာ စတင်အခြေချလာတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသဟာ ကမ္ဘာကျော်ကျောက်စိမ်းများထွက် ရှိလာ ဖားကန့်ဒေသထဲကို ဝင်ရောက်နိုင်တဲ့ မိုးညှင်းဂွေခါ ကားလမ်းပိုင်းမှာတည်ရှိပြီး ဖားကန့်ဒေသအတွက် စစ်ရေးအရအရေးပါတဲ့လမ်းပိုင်းမှာတည်ရှိနေတာကြောင့် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီးဒေသကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button