သတင်း

ဝိုင်းမော်မှာ တစ်ရက်အတွင်း လူသေအလောင်း ၂ လောင်းတွေ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ တစ်ရက်အတွင်း လူသေရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

သေဆုံးနေတဲ့ရုပ်လောင်းနှစ်လောင်းထဲကနေ  ပထမရုပ်အလောင်းက ဝိုင်းမော်မြို့ အမှတ် ( )ရပ်ကွက်နေ အသက်၂၅ နှစ်အရွယ် ဦးလာမြာဝူဆိုသူဖြစ်ပြီး ဒီမနက် ၇ နာရီဝန်းကျင်အချိန် ခါ့တန်ရပ်ကွက်မှာ သေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။

နောက်ထပ်တစ်လောင်းက မနေ့က ၁ နာရီဝန်းကျင်အချိန် ဝိုင်းမော်မြို့ နောင်တာလောကျေးရွာ နန့်မြင်းချောင်းမှာလည်း အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ အလောင်းကို ပြည်သူတွေသတင်းပေးမှုနဲ့ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းကတစ်ယောက်က မြုပ်ပစ်လိုက်ပြီ ပုပ်နေပြီလေ။ ဆေးရုံမှာ ခွဲစိတ်ကြည့်ထားတာကတော့ ဒဏ်ရာဒဏ်ချက် ရိုက်နှက်ထားတာဘာမှ မရှိဘူး။ နောက်တစ်ယောက်က ခါ့တန်ကဟုတ်တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသူ ၂ ဦးစလုံးဟာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေမရှိတဲ့အတွက် မူးယစ်ဆေးအရှိန်လွန်လို့ သေဆုံးတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်းမှာဘဲ သေဆုံးသူ ၃ ဦးနဲ့ ဓားခုတ်ဒဏ်ရာရရှိသူ တစ်ဦးရှိခဲ့ပါတယ်။

သေဆုံးသူ ၃ ဦးရဲ့ဖြစ်စဉ်တွေက ကြိုးဆွဲချသေဆုံးသူတစ်ဦး၊ ရေတွင်းထဲ ခုန်ချသေဆုံးသူတစ်ဦး၊ ရိုက်နှက်ခံရပြီး သေဆုံးတစ်ဦး ဖြစ်ပါတယ်။

ဒီအချက်အလက်တွေဟာ ဆက်သွယ်မှုအခက်အခဲအမျိုးမျိုးကြားက လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံတွေဆီကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေလည်း ရှိနိုင်ပါတယ်။

ဝိုင်းမော်မြို့နယ်မှာ အာဏာမသိမ်းခင်ကတည်းက တရုတ်တစ်သျှူးငှက်ပျောခြံတွေမှာ မြန်မာနိုင်ငံအောက်ပိုင်းကနေ အလုပ်လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားအများအပြားရှိတဲ့မြို့ဖြစ်ပါတယ်။ 

ဒါပေမယ့်အာဏာသိမ်းလိုက်တဲ့နောက် နေရပ်ပြန်ဖို့အခက်ခဲအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလုပ်သားအများပိုင်း နေရပ်မပြန်ပဲ ရရာအလုပ် လုပ်ကိုင်ကာနေထိုင်ကြတာဖြစ်ပါတယ်။ 

လူဦးရေထူထပ်ပြီး အလုပ်ကိုင်ရှားပါးလာတဲ့အပြင် လက်ရှိအချိန်မှာလည်း ဝိုင်းမော်မြို့မှာ ကေအိုင်အေပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဥပဒေစိုးမိုးမှုနည်းပါးပြီး ရာဇဟဝတ်မှုတွေလည်း အမြဲလိုလို ဖြစ်ပျက်နေပြီး လတိုင်းလိုလို ပိုင်ရှင်မဲ့အလောင်းတွေ့ နေရတာလည်း ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button