အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
စစ်အင်အား ၃၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ လေရှီးမြို့ရဲ့အနောက်ဘက်ကို စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကား ၂ စီးနဲ့စစ်ကြောင်းထိုးနေတာလို့ လေရှီးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဘာသတင်းထူးလို့လဲတော့မသိဘူး နယ်စပ်ဘက်ကိုကား ၂ စီးနဲ့သွားလိုက်တာတော့မှန်တယ်”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၄ ရက် မနေ့ညက လေရှီးမြို့နယ် ကူကီးကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး စက်တင်ဘာလ ၅ ရက် ဒီမနက်ပိုင်း ကူကီးကနေ အိန္ဒယ–မြန်မာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆွမ္မရာမြို့ဘက်ကို ဆက်ဦးတည်သွားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း လေရှီးအနောက်ဘက်ခြမ်းရွာတွေနဲ့ ဆွမ္မရာဘက်ကရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့နားလည်မူမယူထားတဲ့ NSCN-K(ယုန်းအောင်) အဖွဲ့က အိမ်ခွန်တွေလာကောက်ချိိန် တစ်ကြိမ်စစ်ကြောင်းထိုးတာမျိုးရှိခဲ့တယ်လို့သိရပါတယ်။
“အရင်လက တစ်ကြိမ် တောဘက်က လေရှီး ဆမ္မရာဘက်တွေတစ်နှစ်စာအိမ်ခွန်လာကောက်လို့သတင်းကြားတာနဲ့ သူတို့စစ်ကြောင်းထိုးသေးတယ် အခုလည်း တောဘက်က ရောက်နေလို့ လို့တော့ကြားတာပဲ ဘာကိစ္စလဲတော့မသိရသေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်တွေအခုလိုနယ်စပ်ဘက်ကိုစစ်ကြောင်းထိုးနေတာဟာ NSCN-K (ယုန်းအောင်)အဖွဲ့ လေရှီးအနောက်ဘက်ခြမ်းမှာ လှုပ်ရှားနေတာကြောင့် ဖြစ်တယ်လို့ ဒေသခံတစ်ချို့သုံးသပ်နေကြပါတယ်။
နာဂလက်ကိုင်တပ်တွေဖြစ်တဲ့ NSCN-K(အန်းမိုင်း)တပ်ဖွဲ့နှင့် NSCN-K(ယုန်းအောင်) နှစ်ဖွဲ့ထဲက NSCN-K (အန်းမိုင်း)တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ အိန္ဒိယ–မြန်မာနယ်စပ်ဘက်ကို စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်ပြီး NSCN-K (ယုန်းအောင်)အဖွဲ့တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းရာအခုလိုဖြေကြားခဲ့ပါတယ်။
“လောလောဆယ်မြေပြင်အခြေအနေဘာမှမသိရသေးဘူးဗျ ဖုန်းလိုင်းမရှိလို့မြေပြင်နဲ့ဆက်သွယ်လို့မရသေးဘူး”လို့ သူကပြောပါတယ်။
အခုလိုစစ်ကြောင်းထိုးလာတဲ့အတွက် လေရှီးမြို့နယ်အနောက်ဘက်ခြမ်းကျေးရွာနေပြည်သူတွေစိုးရိမ်ထိတ်လန့်နေရပြီး ကျေးရွာတွင်းက လူငယ်အများစု ပေါ်တာဆွဲခံရမှာစိုးရိမ်တဲ့အတွက်တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်ဟာ ယခုနှစ်ဆန်းပိုင်းကစပြီး ခန္တီး၊လဟယ်၊ လေရှီးနဲ့ထမံသီစတဲ့ကားလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးပြီး ခရီးသွားလာတဲ့နာဂလူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာမျိုးခပ်စိပ်စိပ်လုပ်ဆောင်လာနေတယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းနောက်ပိုင်း မြန်မာပြည်တဝှမ်းလုံးကတိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ EAO ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပေမယ့် နာဂဒေသမှာတော့ ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတာမျိုးမရှိသေးပါဘူး။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကြား ကုန်သွယ်ရေးလုပ်ငန်း ဖော်ဆောင်နိုင်ရေးအတွက် ကံပိုင်တည်–မြစ်ကြီးနား–ပန်ဆောင်လမ်းဖောက်လုပ်ရေးကို ဩဂုတ် ၃၁ ရက်နေ့သဘာတူလက်မှတ်ထိုးခဲ့ပါတယ်။
By – Zaw Zaw



