စစ်ရေးသတင်း

TNLA အပေါ်တရုတ်ဖိအားရှိနေတာကြောင့် ကွတ်ခိုင်၊ နမ့်ဖတ်ကာဒေသတွက် လုံခြုံရေးစိုးရိမ်လာဖွယ်ရှိနေ

စစ်ကော်မရှင်နဲ့ တရုတ်အစိုးရပူးပေါင်းပြီး တအာင်းလွတ် မြောက်ရေးအဖွဲ့ TNLA ကို ဆက်တိုက်ဖိအားပေးနေတာကြောင့် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာဒေသတွေဟာ လုံခြုံရေးစိုးရိမ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ လားရှိုးမူဆယ် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ မြို့နယ်တွေကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေပြီး တရုတ်အစိုးရနဲ့ပူးပေါင်းကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA အပေါ် ဆက်တိုက်ဖိအားပေးနေတယ်လို့ ဆိုပါတယ်။  

“TNLA တပ်ဖွဲ့ကလည်းဖိအားအရမ်းများလာရင် အပစ်ရပ်သဘောတူလာနိုင်တယ်။ တကယ်လို့ ကွတ်ခိုင်၊ သိန္နီ ၊ သီပေါ၊ ကျောက်မဲ ဒီမြို့နယ် ၄ ခုစစ်ကော်မရှင်တပ်ဆီ ပြန်ရောက်သွားရင်တော့ ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာအတွက်လည်း လုံခြုံရေးက အရမ်းစိုးရိမ်လာရနိုင်ဖွယ်ရှိတယ်လို့ ရှမ်းပြည်မြောက်ပိုင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့က စတုတ္ထအကြိမ်မြောက် စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSFL/TNLA)တို့ဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အခုလိုတွေ့ဆုံဆွေးနွေးမှုအပြီး ထွက်လာတဲ့ ရလဒ်အဖြေကို သေချာမသိရရှိရပေမယ့် TNLA နဲ့ နီးစပ်သူတွေပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်ထားတဲ့ မြို့နယ်အများပိုင်းကို တောင်းဆိုမှုရှိပြီး ဒီတစ်ခေါက်ဆွေးနွေးမှုမှာလည်း ရလဒ်မထွက်ပဲ ဆွေးနွေးမှုပြီးဆုံးထားတယ်လို့ ဆိုပါတယ်။ 

တရုတ်ကြားခံပြီး စစ်ကော်မရှင်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ တရုတ်နိုင်ငံမှာ စတုတ္တအကြိမ်ပြန်လည် တွေ့ဆုံဆွေးနွေးမှု အခြေအနေနဲ့ပတ်သက်ပြီး ကချင်သတင်းဌာန က PSLF/TNLA ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါဘူး။

ခုလို အခြေနေကြောင့် ရှမ်းမြောက်မှာ ဒေသခံပြည်သူတွေကတော့ ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားမှုမြင့်တက်နေပြီး စိုးရိမ်ပူပန်မှုများစွာလည်း ရှိနေတယ်လို့ ဒေသခံ‌တွေ

ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ TNLA နဲ့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေတဲ့ကာလမှာလည်း ကျောက်မဲမြို့ဘက်မှာ ထိုးစစ်အရှိန်မလျှော့တဲ့အပြင် TNLA နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရပြီး စာသင်ကျောင်းတွေ၊ဘုရားကျောင်းတွေကို ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်ကော်မရှင်တပ်နဲ့ အပစ်ရပ်သဘောတူထားတဲ့ ကိုးကန့်တပ် MNDAA လည်း ကွတ်ခိုင်မြို့ထဲကနေ MNDAA တပ်သားအများစု ထွက်ခွာသွားပြီး MNDAA ရဲတပ်ဖွဲ့ဝင်တွေသာ ကျန်နေပြီး ရုံးရှေ့မှာလည်း စစ်ကော်မရှင်တပ်အသုံးပြုတဲ့အလံကို လွှင့်ထူထားတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလမှာ ကိုးကန့်တပ် MNDAA က သိန္နီမြို့ကို စစ်ကောင်စီတပ်ဆီ ပေးအပ်လိုက်မယ့် အနေအထားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် သိန္နီမြို့၊ ကွတ်ခိုင်မြို့တွေဘက် စစ်ကော်မရှင်တပ်ဖွဲ့တွေ ဝင်ရောက်လာရင်တော့ ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာဒေသဟာလည်း စိုးရိမ်ရနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

လေယာဉ်တွေ ပျံဝဲတာတွေ ဒီရက်ပိုင်းတွေမှာ ညတိုင်း ပိုစိတ်လာတယ်။ ကျမတို့ပြည်သူတွေက ပိုစိုးရိမ်နေရတယ်။ နမ့်ဖတ်ကာက တစ်ခါ တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီးပြီ။ ပြီးတော့ KIO/KIA က သိမ်းပိုက်ထားပြီဖြစ်တဲ့နယ်မြေမှာ အခုအေးချမ်းနေပြီဆိုပေမဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်အနီးက မြို့ရွာတွေက အပြောင်းအလဲတွေ ဖြစ်လာတော့ ဒီဘက်ကိုလည်း လှုပ်ခတ်လာမှာဆိုတော့ စိတ်ပူနေကြရပါတယ်။ စိုးရိမ်လို့ဆုတောင်းပြီနေရုံမှအပ မတတ်နိုင်ဘူးလေ။ ကလေးတွေ၊ လူအများအုပ်စုဖွဲ့တာမျိုး လျှော့နိုင်သလောက်လျှော့ပြီး သတိနဲ့ပဲ နေနေကြပါတယ်ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ လာမယ့် ဒီဇင်ဘာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကိုရအောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို အပြင်းအထန်ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button