သတင်း

မောင်နှမချင်း စကားများရာကနေ အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မောင်နှမချင်း စကားများရန်ဖြစ်ရာကနေ အစ်မဖြစ်သူကို ဓားအချက်ပေါင်းများစွာနဲ့သတ်လိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၇ ရက် မနေ့ည ၁၀နာရီကျော် ရမ်ပူရပ်ကွက် နယ်မြေ (၁၃) နေအိမ်တစ်အိမ်က မောင်နှမချင်း စကားများရန်ဖြစ်ရာ မောင်ဖြစ်သူက အစ်မဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သဖြင့် အစ်မဖြစ်သူပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာကတော့ တော်တော်များတယ်။ အတိအကျတော့ ကြည့်လို့မရဘူးဗျ ဘာဖြစ်လို့လဲဆိုတော့ အဓိက သွေးထွက်လွန်တဲ့နေရာတွေဘဲ လုပ်ပေးတာ။ ပြီးတော့ ရဲတွေလည်း ကြည့်တယ်လေနော် ဒါကြောင့် ကျွန်တော်တို့က အရမ်းကြီးကိုင်တွယ်လို့ မရဘူးလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက် ၃၀ ကနေ ၄၀ ဝန်းကျင်ဖြစ်တယ်လို့ သိရပြီး ရုပ်အလောင်းကို မြစ်ကြီးနား ရင်ခွဲရုံပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စကားများရန်ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိရသေးပေမယ့် ကျူးလွန်သူကိုတော့ ရဲတပ်ဖွဲ့ကနေပြီးတော့ အရေးယူဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာဘဲ ဂျန်မိုင်ကောင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကို သူငယ်ချင်းဖြစ်သူက စကားများရန်ဖြစ်ပြီး ဓားဖြင့်ခုတ်သတ်မှု၊ သားအဖချင်းစကားများရန်ဖြစ်ရာကနေ အဖေဖြစ်သူက သားဖြစ်သူရဲ့ ညာဖက်လက်ဆစ် ကို ဓားဖြင့် ခုတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်၂ခုဟာ သူစိမ်း ခိုးဆိုးလုယက်သူတွေကနေပြီးတော့ ကျူးလွန်တာမျိုးမဟုတ်ဘဲ သွေးသားတော်စပ်သူ၊ ရင်နှီးကျွမ်းဝင်သူတွေကနေပြီးတော့ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မျိုးဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ဟာ အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း လောင်းကစားဝိုင်းအခု ၃၀ဝန်းကျင်နဲ့ မူးယစ်ဆေးဝါးတွေကိုလည်း လွယ်လင့်တကူရရှိနိုင်တဲ့ မြို့တစ်ခုဖြစ်လာပါတယ်။

နောက်ဆက်တွဲအနေနဲ့ ခိုးဆိုးလုယက်မှုတွေ များပြားလာရုံသာမက သွေးသားအချင်းချင်း၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်း သတ်ဖြတ်ကြတဲ့အထိ ဖြစ်လာတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button