တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်လာနေပြီး နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ဟုမ္မလင်းမြို့နယ်မှာရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ နယ်မြေခံ SNA တပ်သားတွေပူးပေါင်းပြီးတော့ ထိုးစစ်ဆင်လာတာလို့သိရပါတယ်။
လက်ရှိ တော်လှန်ရေးအင်အားစုတွေဟာ သိမ်းပိုက်ထိန်းချုပ်ပြီးသား ဗန်းမောက်မြို့ကပ်လျှက်က ခမိုးရွာနဲ့ စက်တောရွာတွေကနေ နောက်ဆုတ်ထားရပြီး အဲ့ဒီကျေးရွာတွေအနီးတစ်ဝှိုက်မှာဘဲတိုက်ပွဲကလည်းပြင်းထန်နေတာလို့ပြောပါတယ်။
“၄၊ ၅ ရက်နေ့ကစလို့ အသံတွေပြန်ကြားလာရတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာတွေရှိလာတယ်။ အဓိကကတော့ ဟုမ္မလင်း ဘက်က စစ်ကောင်စီစစ်ကူစစ်ကြောင်းတွေနဲ့ SNA တွေပေါင်းပြီး ဗန်းမောက်မြို့ကိုပြန်ပြီးထိုးစစ်ဆင်လာတာ။ မြို့ထဲထိတော့ တိုက်ပွဲမဖြစ်သေးဘူး။ စက်တော်ဘက်မှာဘဲဖြစ်နေကြတာ”လို့စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကပြောပါတယ်။
စစ်ကောင်စီနဲ့ရှမ်းနီပူးပေါင်းတပ်စစ်ကြောင်းဟာ ဗန်းမောက်မြို့နဲ့ ၅ မိုင်အကွာကိုရောက်ရှိလာတာဖြစ်ပြီး တော်လှန်ရေးအင်အား စုတွေဘက်က နောက်ဆုတ်ထားရတဲ့အခြေနေလို့ ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်ဘက်ဟာ ဒီထိုးစစ်မှာ အင်အားအလုံးအရင်းအသုံးပြုတဲ့အပြင် မနေ့က အောက်တိုဘာလ ၅ ရက်နေ့ ၂ နာရီ ဝန်းကျင်လောက်မှာတော့ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့ဘက်ကအင်အားအရမ်းများတယ်။ အရင်ကတော့ SNA ဘဲရှိနေတာ။ အခုက တပ်မ ၃၃ စစ်ကူစစ်ကြောင်းလာတာ။ သူတို့ကအင်အားစုဖွဲ့ပြီးထိုးစစ်ဆင်လာတဲ့သဘောပေါ့။ ကို့ဘက်က မြို့ပြင်ကတချို့ရွာတွေအထိစစ်ကြောင်းရောက်ပြီး ပြန်ဆုတ်ထားရတဲ့သဘောပေါ့”လို့စစ်ရေးအခြေနေကိုအထက်ပါစစ်ရေးသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေရဲ့ထိခိုက်မှုအခြေနေတွေကိုတော့ အသေးစိတ်မသိရသေးကြောင်းနဲ့ တစ်ဖက်မှာ ဗန်းမောက်မြို့ အနောက်ခြမ်းမှာနေထိုင်တဲ့ဒေသခံတွေကတော့ တိုက်ပွဲနဲ့လွှတ်ရာတောတောင်နဲ့ကျေးရွာတချို့မှာထွက်ပြေးတိမ်းရှောင်နေရတယ် လို့ပြောပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ ဗန်းမောက်မြို့ပေါ်ကနေ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဆုတ်ခွာသွားပြီးနောက် တော်လှန်ရေး အင်အားစုတွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်ထားကြတာဖြစ်ပါတယ်။
ဗန်းမောက်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်တစ်ဆက်တည်းမှာလည်း ဗန်းမောက်မြို့ ရဲ့အနောက်ဘက်ခြမ်းတွေကို တော်လှန်ရေးအင် အားစုတွေဆက်လက်တိုက်ခိုက်နေကြတာဖြစ်ပြီး ကျေးရွာတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့တော်လှန်ရေးအင်အားစု တွေက နေရာတချို့ကနေဆုတ်ခွာထားရတဲ့အနေအထားဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ စစ်ကိုင်းနဲ့ကချင်အစပ် စစ်ကိုင်းတိုင်းထဲက အင်းတော်၊ မော်လူး၊ ပင်လည်ဘူး စတဲ့မြို့တွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာဆိုရင် ဧရာဝတီမြစ်ကြောင်းပေါ်က ထီးချိုင့်မြို့နဲ့ကသာမြို့တို့ကိုသာ စစ်ကောင်စီကထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်။
By – အမိုး



