ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းကနေ လမြန်ရွာအထိထိုးစစ်ဆင်ကာတပ်စွဲထားတဲ့ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ပေါင်းစုတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ဝိုင်းမော်မြို့ရဲ့တစ်ခုတည်းသော မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၅၈) တပ်ရင်း၊ ပြည်သူ့စစ်တပ်စခန်းရှိရာ ဝူယန်ကျေးရွာကနေ လမြန်ကျေးရွာကားလမ်းနေရာအထိ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက် လေကြောင်း၊လက်နက်ကြီးပစ်ကူနဲ့ ပြီးခဲ့တဲ့အပတ်မှာနေရာယူတပ်စွဲလာတာဖြစ်ပါတယ်။
ဒါပေမယ့် အောက်တိုဘာလ ၈ ရက်နေ့ ဒီမနက် ၅ နာရီခွဲကစပြီး ၈ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပြန်လည်သွားရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။
“လပြည့်နေ့က နဲနဲ့ဆုတ်လိုက်ရတဲ့နေရာကို ဒီမနက် ဘုရားကောင်းကြီးနဲ့ပြန်သိမ်းတာ အောင်ဒမ်း(AWNG DANG)နဲ့ပြန်ရသွားတယ်။ မိုးက အရမ်းရွာပေးတာ ဒီမနက် အဲတာပြန်သိမ်းတာ အောင်မြင်သွားတယ်။ သူတို့ (၅၈ )ထဲကိုပဲပြန်ဆုတ်သွားတာ။ ခုတော့ပြန်ငြိမ်သွားပီ အပေါ်က ဒရုန်းနဲ့တော့လာလာချနေတာပဲရှိတယ်”လို့ ရှေ့တန်းရောက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေပြင်ကနေ ခန့်မှန်းခြေ အင်အား ၁၀၀ ဝန်းကျင်ခန့်အသုံးပြုပြီး KIA ရှိရာ လမြန်ရွာသို့ ချီတက်လာပြီး လက်နက်ကြီးအပါအဝင် လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် နေ့လည် ၁ နာရီမှစတင်ပြီး နောက်နေ့ အောက်တိုဘာ ၇ ရက်နေ့ မနက် ၄ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က လက်နက်ကြီးအပြင် ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာအပြင် မြေပြင်ခြေလျင်တပ်ကနေ ထိုးစစ်ဆင်ဝင်လာတဲ့အတွက် အောက်တိုဘာလ ၆ ရက်နေ့ညက တိုက်ပွဲမှာ အဲဒီလမြန်ကျေးရွာ ကားလမ်းနေရာတချို့ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာလိုက်ရတာလို့သိရပါတယ်။
ဒါပေမယ့် အဲဒီနေရာအားလုံး ဒီနေ့မှာ KIA ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီလို့ ဆိုပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက ဝိုင်းမော် (၅၈) တပ်ရင်းကနေ မီတာ ၈၀၀ ကျော်လောက်အကွာအဝေးမှာရှိပြီး ဆိုင်ကယ်နဲ့ ၁၀ မိနစ်ဝန်းကျင်သာသွားရတဲ့ ဝူယန်နဲ့လမြန်ကျေးရွာတဝိုက်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ဝိုင်းမော် (၅၈) တပ်ရင်းကနေ ဝူယန်ကျေးရွာနားအထိ စစ်တပ်က နေရာယူတပ်စွဲထားနိုင်ပြီး ဝူယန်အထက် လမြန်ကနေ အထက်ဘက်အားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ထီန်းချုပ်ထားပါတယ်။
ခုလို စစ်ကောင်စီတပ်ဖွဲ့တွေဘက်က အပြင်းအထန်ထိုးစစ်ဆင်လာတာဟာ ရွေးကောက်ပွဲမတိုင်ခင် လာမဲ့ ၃ လအတွင်း ဝိုင်းမော် – ကန်ပိုက်တီလမ်းတစ်ကြောကို ရအောင်ပြန်တိုက်ယူမယ်လို့ ကြုံဝါးထားပြီး ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။
ဒါပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်ကလည်း စစ်ကောင်စီတပ်စစ်ကြောင်းတွေကို မဝင်ရောက်နိုင်အောင် ခံစစ်နဲ့ ခုခံနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။
ဝိုင်းမော် – ကန်ပိုင်တီ လမ်းကြောင်းကို ထိုးဖောက်နိုင်ဖို့ စစ်တပ်ဘက်က မလွယ်ကူနိုင်သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒီလမ်းကြောင်းကို လက်မလွတ်အောင် ခုခံကာကွယ်မဲ့အနေအထားမှာရှိတယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ ကားအစီးတွေနဲ့ အင်အားတွေ သွားလာလှုပ်ရှားပြီး အင်အားတွေဖြည့်နေတာ တွေ့ရတယ်။ ပြီးရင် လမြန်ဘက် လေယာဉ်၊ ဒရုန်းတွေနဲ့ အမြဲလာပစ်တာကို တွေ့ရတယ်။ စစ်တပ်ဘက်က ပြည်သူ့စစ်အင်အားတွေနဲ့ပါ တော်တော်တော့ ကြိုးစားနေတယ်။ မြစ်ကြီးနားဘက်ခြမ်းကနေရော ဝိုင်းမော် ၅၈ တပ်ရင်းတွေဆီကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လာရင်တောင် ကျမတို့ တုန်လှုပ်ရတယ်။ စစ်တပ်တွေ ဖားကန့်ဘက်ကလိုမျိုး လွယ်လွယ်နဲ့တော့ ဒီလမ်းကြောကိုထိုးဖောက်နိုင်မှာမဟုတ်ဘူးလို့ မြင်တယ်။ ခက်တော့ခက်လိမ့်မယ်။ ဘာလို့ဆို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သေချာကြိုးစားပြီး လုပ်ဆောင်နေတယ်လို့ မြင်တယ်။ လေကြောင်းရန်ပဲ အဓိကပေါ့။” ဟု ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
လက်ရှိ ဝိုင်းမော် – လမြန်တိုက်ပွဲမှာ စစ်တပ်ဘက်ကတော့ မင်းဇေသန့်ဦးဆောင်တဲ့ဝါရာဇွပ်ပြည်သူ့စစ်အင်အားတွေအပါအဝင် လီဆူဒူးလေးပြည်သူ့စစ်တွေနဲ့ ဇခုန်တိန့်ယိန်းပြည်သူ့စစ်တွေလည်း အင်အားဖြည့် ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ စစ်ကိုင်းဘက်က PDF တပ်ပေါင်းစုတွေအပါအဝင်၊ ကျောင်းသားတပ်များ၊ တအာင်း(ပလောင်)၊ နာဂ ၊ ဂတူး၊ ရခိုင်၊ ချင်း၊ ဗမာ စတဲ့ တိုင်းရင်းသားပေါင်းစုံပါဝင် ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိအနေအထားအရတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ခံစစ်နဲ့သာ ခုခံနေပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က လမြန်ရွာဘက်ကို ထိုးတက်လာရင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ၎င်းတို့ ငြိမ်ရင် တိုက်ပွဲလည်း ငြိမ်တဲ့ အခြေအနေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ လကုန်ပိုင်းက ဝိုင်းမော် ၊ လမြန်တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူး ၂ ယောက်ခန့် သေဆုံးမှုရှိခဲ့ပြီး စစ်တပ်ဘက်က အထိနာရင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးအပါအဝင် ကန်ပိုင်တီလမ်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို ၂၀၂၄ ခုနှစ် ဇွန်လမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး မြေရှားသတ္တုတူးဖော်ရာ ချီဖွေမြို့နယ် ပန်ဝါဒေသကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပြီးသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တပ်ပေါင်းစုတွေကတော့ လာမဲ့ ဒီဇင်ဘာလ ၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲမတိုင်ခင် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို KIA/KIO လက်ထဲကနေ ပြန်လည်ရယူနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



