ဖားကန့်မှာကျောင်းသားတစ်ဦးဖမ်းဆီးခံရတာ ၅ ရက်မြောက်ရှိလာ
ဖားကန့်မှာ စစ်တပ်က ၉ တန်းကျောင်းသား ကလေးငယ်တစ်ဦး ဖမ်းဆီးထားတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်တဲ့အတွက် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ မဇွပ်ယန်ကျေးရွာ စစ်ဘေးရှောင်နေတဲ့ ၉ တန်းကျောင်းသားဖြစ်သူက မိဘတွေခိုင်းစေမှုကြောင့် ဖားကန့်မြို့ပေါ်ဘက်ကို သွားလာခဲ့ရာ ဖားကန့် ရဲစခန်းနဲ့ တပ်မကုန်း ၊ စာသင်ကျောင်းအနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“သူ့ရဲ့မိဘတွေ ငွေသွားလွှဲခိုင်းရင်း ဖားကန့်လမ်းဘက်ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားလိုက်ကြတယ်တဲ့။ အဲ့မှာ ရဲစခန်းနဲ့ တပ်မကုန်းနားမှာ ရောက်တော့ မျက်နှာမှာ မတ်တပ်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတယ်။ စစ်သားတွေက အမျိုးမျိုးပြောတော့ ကလေးတွေဆိုတော့ မပြောတတ် မဖြေတတ်ဖြစ်မှာပေါ့။ နော်ဆိုင်းလားလို့မေးတော့ဟုတ်တယ်လို့ဖြေတော့ ဖမ်းသွားတယ်တဲ့”လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ၉ တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ် မောင်မဒိန် နော်ဆိုင်းဆိုသူဖြစ်တယ်လို့သိရပါတယ်။
“ဖမ်းထားတာ အခုဆို ၅ ရက်လောက်ရှိလာပြီ သူ့မိသားစုတွေက ရောက်လာမလားဆိုပြီးစောင့်နေကြတာ မနေ့ညအထိ မရောက်လာသေးဘူးဆိုပြီး ကျနော့်ဆီကို အကြောင်းကြားလာတယ်။ မိသားစုတွေအရမ်းစိတ်ပူနေကြတယ်”လို့ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ၉ တန်းကျောင်းသား မောင်မဒိန်နော်ဆိုင်းကို စစ်တပ်က နာမည်တူ မှားယွင်းပြီး ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။
၉ တန်းကျောင်းသား မဒိန်နော်ဆိုင်း မိသားစုတွေဟာ မော်ဝမ်းကလေးကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပေမယ့် တိုက်ပွဲကြောင့် လက်ရှိမှာ မဇွပ်ယန်ကျေးရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဖားကန့်မှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက် ၅ နေရာလောက်မှာ စစ်ဆေးရေးတင်းကြပ်ထားပြီးတော့ သွားလာတဲ့ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



