မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်း မြေမြုပ်မိုင်းကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာတယ်လို့ Landmine Monitor ထုတ်ပြန်
Landmine Monitor ရဲ့ နောက်ဆုံးထုတ် ၂၀၂၅ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ တခြားသော စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အများဆုံးရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
တစ်နှစ်အတွင်း လူဦးရေ ၂ထောင်ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး၊ ၂၀၂၃ ခုနှစ်က လူဦးရေ ၁ထောင်ကျော်သေဆုံး ဒဏ်ရာရခဲ့တာနဲ့ နှိုင်းယှဉ်ရင် နှစ်ဆကျော် တိုးသွားတာပဲဖြစ်ပြီး ဒီကိန်းဂဏန်းတွေကို ကြည့်ရင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေ တွေ ဘယ်လောက်ဆိုးရွားလာလဲဆိုတာ ထင်ရှားနေပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝှမ်းကျယ်ပြန့်စွာဖြစ်ပွားလာတဲ့ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေကြောင့် အရပ်သားတွေနေထိုင်ရာ ပတ်ဝန်းကျင်တွေဟာလည်း ပဋိပက္ခဇုန်ဖြစ်လာတာနဲ့အတူ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ ကလေးသူငယ်နဲ့အမျိုးသမီးတွေက မြေမြုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့စစ်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ကို အများဆုံးကြုံတွေ့နေရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂတွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဒေါ်ယဥ်မျိုးလှိုင်ကထောက်ပြပါတယ်။
“အရပ်သားတွေနေထိုင်ရာဝန်းကျင်တွေကလည်း ပဋိပက္ခဇုန်တွေဖြစ်လာတာနဲ့ လူတွေကစားဝတ်နေရေးကြပ်တည်း လာတယ်။အဲ့လိုနဲ့ တောထဲသွား၊ ယာထဲသွားတာနဲ့ မိုင်းနင်းမိတာတွေကြုံရတယ်။ ကျမတို့နိုင်ငံက အရမ်းကြပ်တည်းတဲ့ ကြားမှာ နေလာရတယ်။ ပြီးတော့ စစ်မှုထမ်းဥပဒေကြောင့်လည်း အမျိုးသားလူငယ်တွေက အပြင်ထွက်အလုပ်လုပ်ကြတယ်။ အဲ့တော့ကျန်ခဲ့တဲ့သူတွေ က အမျိုးသမီးနဲ့ကလေးသူငယ်တွေပဲဖြစ်တယ်။ ရာခိုင်နှုန်းအရကြည့်ရင်ပေါ့”လို့ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ မြေမြုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရတဲ့သူ ၅ ရာကျော်ပဲ ရှိခဲ့ပေမယ့် နှစ်နှစ်အတွင်း အတော်လေးကို မြင့်တက် လာခဲ့တာပါ။
၂၀၂၅ ခုနှစ်အတွင်း စစ်တမ်းတွေကနေတွေ့ရတဲ့ အချက်အလက်အသစ်တွေအရ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အရပ်သား နှစ်ဦးဟာ နေ့စဥ် မြေမြုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့လက်နက်ပစ္စည်းတွေကြောင့်ထိခိုက်သေဆုံးလျက်ရှိတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကပဲထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးလုပ်ငန်းတွေနဲ့မိုင်းရှင်းလင်းရေးလုပ်ငန်းတွေအဆက်မပြတ်လိုအပ်နေတာ သိသာ ထင်ရှားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ဒီမြေမြုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေအနေနဲ့ လက်လှမ်းမှီမှုပညာပေးမှုတွေက အရမ်းအားနည်းတာတွေဖြစ်တယ်။ ပြီးတော့ ဘယ်နေရာကအန္တရာယ်ဇုန်ဖြစ်တယ်။ အန္တရာယ်ကင်းတယ်ဆိုတာ သတ်မှတ်ထားတာ မရှိတော့ ဒီလိုမျိုးကိုယ့် အသက်ရှင် ရပ်တည်ဖို့ကိုရှာဖွေရင်းနဲ့ ဒီလိုအန္တရာယ်တွေကြုံတွေ့နေရပါတယ်”လို့ ဒေါ်ယဥ်မျိုးလှိုင်က ဆက်ပြောပါတယ်။
အစီရင်ခံစာအရ စစ်တပ်ဘက်က လူကိုပစ်မှတ်ထားတဲ့ မိုင်းတွေကို ဆက်ထုတ်လုပ်ပြီး အသုံးပြုနေတယ်လို့ ဖော်ပြ ထားပြီး တစ်ဖက်မှာလည်း PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က မိုင်းအသုံးပြုမှု ၂၀၂၄–၂၀၂၅ ခုနှစ်တွေအတွင်း သိသိသာသာတိုးလာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာလအထိ မြန်မာနိုင်ငံရဲ့မြို့နယ် ၃၃၀ ထဲက ၂၁၁ မြို့နယ်မှာ မိုင်း ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့စစ်လက်နက်ပစ္စည်းတွေ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝှမ်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အပြည်ပြည်ဆိုင်ရာ မိုင်းရှင်းလင်းရေးအဖွဲ့တွေကို လည်း နိုင်ငံအတွင်း ဝင်ခွင့်မပေးသေးတာကြောင့် ပြည်သူတွေကတော့ မြေမြုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ထဲမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
By – အမိုး



