ကိုးကန့်တပ်ရဲ့ တောင်းဆိုမှုကြောင့် မုံးကိုးမြို့မှာ မနောပွဲကျင်းပ
ရှမ်းမြောက် မုံးကိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့တောင်းဆိုမှုကြောင့် မနောပွဲကိုကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဒီမနောပွဲတော်ဖြစ်မြောက်ဖို့ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မုံးကိုးမြို့ကိုစတင်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နှစ်ကစပြီး နှစ်စဉ် ဒေသခံကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေကို ဆက်တိုက်တွန်းအားပေးတောင်းဆိုခဲ့ရာ ဒီနှစ်မှာတော့ မနောပွဲဖြစ်မြောက်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်
ကချင်ရိုးရာမနောပွဲကို မုံးကိုးမြို့တွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစပြီး ၂၄ ရက်နေ့အထိ မနောအိမ်တော်ဖွင့်ပွဲ နဲ့မနောပွဲတစ်ခုကို ကိုးကန့် MNDAA တပ်ဖွဲ့နဲ့အတူ ဒေသခံလူထုတွေ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“တကယ်ဆိုရင် ရိုးရာယဉ်ကျေးမှုအဖွဲ့လည်း မနောပွဲမလုပ်ချင်ပါဘူး။ အခုချိန်က ကျမတို့ ပြည်သူတွေလည်း အများကြီးခက်ခဲနေတဲ့အချိန်၊ သွေးစွန်းနေကြရတဲ့ကာလဖြစ်နေလို့ မနောပွဲမလုပ်သင့်လို့ ရိုးရာအဖွဲ့က အမျိုးမျိုးငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ၂၀၂၆ လည်း ပြန်ပြီးသူတို့ပြောတယ် ဒီနှစ်တော့ မလွတ်တော့ဘူးပေါ့။ ကိုးကန့်ကလည်း သူတို့ အုပ်ချူပ်ခဲ့ တာ ၃နှစ်ရှိလာပြီဆိုတော့ မနောအကပွဲ ပြုလုပ်ပေးဖို့ တောင်းဆိုတာ။ ဒါပေမဲ့ ပွဲကတော့ အဓိကမနောအိမ်တော်ဖွင့်ပွဲ အဖြစ် မနောပွဲ ကျင့်ပခဲ့ခြင်းဖြစ်ပါတယ်”လို့ မုံးကိုးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
မနောပွဲဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုးရှိပြီး Padang manau( အောင်ပွဲခံ မနောပွဲ) Sut manau, Kungdawn manau, Hpaji manau, စသဖြင့် အဓိပ္ပာယ်လိုက် ပြုလုပ်ရတဲ့အပြင် မုံးကိုးမြို့မှာ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ မနောအိမ်တော်လည်းမရှိသေးတာကြောင့် မနောပွဲကျင်းပလို့ မရကြောင်း ရိုးရာအဖွဲ့မှ ကိုးကန့်ကို နှစ်စဉ်ငြင်းဆိုခဲ့တာလို့ သိရပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာတော့ ကိုးကန့်ဘက်မှ မနောပွဲကိုမဖြစ်ဖြစ်အောင်လုပ်ဆောင်ပေးဖို့ ဒေသခံရိုးရာအဖွဲ့ကို ဆက်လက်တွန်းအားပေးခဲ့ကာ လိုအပ်တဲ့မနောအိမ်တော်တည်ဆောက်ဖို့အတွက်လည်း မတင်ငွေ တရုတ်ယွမ် ၂ သိန်းကိုလည်း MNDAA ဘက်ကကူညီပေးခဲ့တာလို့ ဆိုပါတယ်။

အဲဒါကြောင့် မုံးကိုးမနောအိမ်တော်ဖွင့်ပွဲအဖြစ် မုံးကိုးဒေသမှ ပြည်သူလူထုတွေလည်း စည်စည်ကားကား လာရောက်ပါဝင်ကြကာ မနောပွဲတော်ကြီးကို ပြုလုပ်ကျင့်ပခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“မီဒီယာတွေပေါ်မှာ ပျံ့နေတာကတော့ ကိုးကန့်တွေရဲ့ အောင်ပွဲ မနောပွဲ ဘာညာဆိုပြီး ရေးကြတာ၊ သတင်းဖျန့်ကြတာတွေ့တယ်။ တစ်ဖက် ကိုးကန့်ဘက်က ကူညီတာတော့ ရှိတယ်လေ ဒါပေမဲ့ကိုးကန့်ဘက်ကတွေးရင်တော့ သူတို့ရဲ့အောင်ပွဲလို့ ခံယူတာလားတော့မသိဘူးပေါ့။ ကချင်ရိုးရာအဖွဲ့ကဦးဆောင်ပြုလုပ်တာကတော့ ဒီပွဲဟာ မနောအိမ်တော်သစ်ဖွင့်ပွဲ ပြုလုပ်ရင်း သူတို့တောင်းဆိုတဲ့မနောအကကိုလည်း ဝိုင်းဖွဲ့ကပြီး အဲလို မနောပွဲ ဖြစ်မြောက်ခဲ့တာဖြစ်တယ်”မုံးကိုးဒေသခံကဆက်ပြောပါတယ်။
မုံးကိုးမြို့မှာရှိနေတဲ့ ဒီမနောတိုင်ဟာ AD 2000 နှစ်ရှေ့ပိုင်း ပေါ်ပေါက်ခဲ့တဲ့ မုန်ဆာလ ဦးဆောင်တဲ့ MDA လက်နက်ကိုင်တော်လှန်ရေးအဖွဲ့က MDA ဖွဲ့စည်းတာ ၅ နှစ်ပြည့် မနောပွဲလုပ်ဖို့ တည်ဆောက်ခဲ့တဲ့မနောတိုင်ဖြစ်ပါတယ်။
ဒါပေမဲ့ မနောပွဲမဖြစ်မြောက်ခင်မှာပဲ စစ်တပ်သွေးခွဲမှုကြောင့် MDA ဆိုတဲ့ အဖွဲ့ဟာ ပြည်သူ့စစ်အဖြစ်ဘက်ပြောင်းသွားကြလည်း ဖြစ်ပါတယ်။
မုံးကိုးမြို့ကို ကိုးကန့် MNDAA စတင်ဝင်သိမ်းခဲ့တဲ့အချိန်ကစပြီး ဒီမြို့ထဲကို KIO ရဲ့ အုပ်ချူပ်ရေးယန္တရားတွေလည်း လည်ပတ်ခွင့်မပေးသလို ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့နဲ့ သက်ဆိုင်တဲ့ မနောကွင်းနယ်မြေတွေ ၊ ရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကိုလည်း MNDAA ကအခွင့်အာဏာအပြည့်အ၀မပေးတော့ပဲ ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ


