မြစ်ဆုံဆည်လုပ်တာက ဧရာဝတီကို သတ်တာပဲ
လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကျော်ကြာ ရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်က အာဏာသိမ်းပြီး ၅ နှစ်ပြည့်ချိန် ၂၀၂၆ ခုနှစ်အစပိုင်းမှာပဲ ပြန်လည်အကောင်အထည်ဖော်ဖို့ဆိုတဲ့ အရိပ်အယောင်တွေ စတင်တွေ့လာရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉နဲ့၃၀ ရက်နေ့တွေကဘဲ မြစ်ကြီးနားမြို့နယ် ပမ္မတီးကွက်သစ် လီဆူကွင်းနဲ့ မိုးလုံလေလုံကွင်းတို့မှာ ဧရာဝတီမြစ်ဆုံ–မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ ခေါင်းစဥ်နဲ့ ဒေသခံ ကော်မတီဝင်၊ ပညာရှင်တွေနဲ့ ဒေသခံလူထုဆွေ့ဆုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြတယ်လို့ မြစ်ကြီးနားမြို့ခံ တွေကပြောပါတယ်။
ဒီဆွေးနွေးပွဲတွေမှာ မြစ်ဆုံစီမံကိန်းဆောက်လုပ်ဖြစ်ခဲ့ရင် မီးထိန်ထိန်လင်းပြီးစက်မှုထွန်းကားတဲ့ပြည်နယ်ဖြစ်ဖို့ ၊ ကောင်းကျိုး ဆိုးကျိုးတွေကိုခွဲခြားနိုင်ဖို့ စတဲ့အချက်တွေအပါအဝင် ဆည်ဆောက်လုပ်ခြင်းအားဖြင့် ကမ္ဘာတစ်ဝှမ်းကနိုင်ငံအချို့ ဘယ်လို တိုးတက်ဖွံ့ဖြိုးနေပြီဆိုတဲ့ အချက်တွေကို ဥပမာပေးပြီး မြစ်ဆုံဆည်ဖြစ်မြောက်ရေးလူထုနဲ့တွေ့ပြီးစည်းရုံးခဲ့တယ်လို့ သိရပါ တယ်။
“ဒါကသူတို့ဘယ်လောက်ပဲလုပ်မယ်ပြောပြော အခုလည်းကန့်ကွက်တယ်။ နောင်လည်းကန့်ကွက်သွားမှာလို့ ဖြစ်တဲ့နည်းနဲ့ ကာကွယ်သွားမှာပဲ။ ဘာကြောင့်လည်းဆိုရင် ဒါက ကချင်ပြည်နယ်ရဲ့အထင်ကရလည်းဟုတ်တယ်။ မြန်မာနိုင်ငံရဲ့အသက်သွေး ကြောလည်းဟုတ်တယ်။ တစ်နိုင်ငံလုံးတစ်ပြည်လုံး လူတွေရဲ့အိုးအိမ်အတွက် အကုန်လုံးအတွက် ကန့်ကွက်နေတာ။ အခုလည်း ကန့်ကွက်တယ်”
မြစ်ကြီးနားမြို့ခံတစ်ဦးက မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ဖို့စစ်ကော်မရှင်ကကြိုးစားလာတဲ့အပေါ် သူ့ရဲ့အမြင်ကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လ ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်ရဲ့ဒုခေါင်းဆောင် ဦးစိုးဝင်းရဲ့ ကချင်ပြည်နယ်ခရီးစဥ်မှာ ၈ ဒဿမ ၅ မဂ္ဂနီကျုထက်ခံနိုင်တဲ့ ဆည်ကြီးကို အရင်ကရည်ရွယ်ထားတဲ့ ဆည်အမြင့်ထက်နိမ့်ပြီး တည်ဆောက်မှာဖြစ်ကြောင်း၊ ထုတ်ပြော စည်းရုံးခဲ့ပါသေးတယ်။
၁၄ နှစ်ကျော်ကြာလူထုကန့်ကွက်မှုကြောင့်ရပ်နားထားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်အဖွဲ့ဘက်ကထုတ်ပြောနေသလို ဆောက်လုပ်ခဲ့ရင်ဖြစ်ပါစေ ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ဧရာဝတီမြစ်မှာဆည်ဆောက်လုပ်ခြင်းက ဧရာဝတီမြစ်ကို သတ်ရာကျ တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတမျှတရေးဆောက်ရွက်သူ ဆရာဇုန်းတိန့်က မှတ်ချက်ပေးပါတယ်။
“ပထမဦးဆုံးအနေနဲ့တော့ ကမ္ဘာမှာ ဆည်ကြီးတွေဆောက်တိုင်းမှာ။ တွက်ချက်တာနဲ့ တကယ်ဖြစ်လာတာက ဘယ်တော့မဆို လွဲတယ်။ အကုန်အကျငွေကြေးအရသော်လည်းကောင်း။ ဘယ်လောက်ခံနိုင်ရည်ရှိကြောင်း တွက်ချက်တိုင်း ရှယ်တွက်ချက်ကြ တယ်။ ကမ္ဘာမှာ အကြီးဆုံးဆိုတဲ့ယန်ဇီမြစ် ကမ္ဘာမှာအကြီးဆုံးဆိုတဲ့မြစ်တွေထဲက တစ်စင်းဟုတ်တယ်။ ကမ္ဘာကျော်မြစ်ကြီးတွေ အခုသေပြီလေ။ Dead River ကိုပြောနေတာ။ လုံးဝကိုခြောက်သွေ့သွားပြီ။ ဧရာဝတီကအဲ့လောက် တောင်မကြီးဘူး။ ဧရာဝတီ မြစ်လည်းအဲ့လိုလုပ်ရင် သေချာပေါက်သိပ်မကြာသောနှစ်မှာ အသေဖြစ်သွားမယ်။ ဒါကြောင့် မြစ်ဆုံ ဆည်လုပ်တာက ဧရာဝတီ ကို သတ်တာပဲ။ ဧရာဝတီကိုသတ်တာက မြန်မာပြည်ကိုသတ်တာပဲ။ ဒါကြောင့် မြစ်ဆုံဆည်ကို တော့ လုံးဝလုံးဝ မလုပ်ဖို့ အထူးမေတ္တာရပ်ခံတောင်းဆိုပါတယ်”လို့ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲနှစ်ခုလုံးမှာ စစ်ကော်မရှင်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုယ်တိုင်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သလို ထောင်နဲ့ချီတဲ့မြို့ခံတွေတက်ရောက်ခဲ့ပြီး မြစ်ဆုံစီမံကိန်း လုပ်ဆောင်ဖို့အတွက် အခုလိုလူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တာ ၆ ကြိမ်မြောက်ရှိလာပြီလို့သိရပါတယ်။
တစ်ဖက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း မြစ်ဆုံစီမံကိန်းဆောက်လုပ်ဖြစ်ရင် နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုပါ ရောက်ရှိနိုင်မှာဖြစ်သလို မြစ်ဆုံစီမံကိန်း ရပ်နား ခဲ့ရတာကြောင့် လက်ရှိအချိန်မှာလျှပ်စစ်ဓာတ်အားမဖူလုံတာလို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မေလကဘဲ ထုတ်ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလကတော့ ဧရဝတီမြစ်ဆုံ–မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းအတွက် ဦးဆောင်အဖွဲ့ကိုဖွဲ့စည်းကြောင်း စစ်ကော်မရှင်က အမိန့်ကြေညာစာထုတ်ခဲ့ပါတယ်။
လူထုကန့်ကွက်မှုတွေကြောင့်ရပ်နားထားရတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကော်မရှင်ကဘာ့ကြောင့် အကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်လာတာပါလဲ။ ဆရာဇုန်းသိန်းရဲ့ပြောတာက
“ရိုးရိုးလေးတွေးကြည့်ရင် အခုလက်ရှိအခြေနေအရ သုံးသပ်ကြည့်ရင် ရှင်းရှင်းလေးမြင်ရပါတယ်။ စစ်ကောင်စီက မြန်မာပြည် ရဲ့ ဖက်ဒရယ်နွေဦးတော်လှန်ရေးကြီးမှာ မြေပြင်မှာစစ်ရှုံးနေတာက အားလုံးအသိပဲ။ မြန်မာလည်းသိတယ်။ ကမ္ဘာကလည်း သိတယ်။ ကျနော်တို့လည်းသိတယ်။ တစ်ဖက်မှာလည်းသူ့ကိုကယ်တင်ပေးနေတာ။ နိုင်ငံတကာမှာရော လက်တွေ့မြန်မာနိုင်ငံ ထဲမှာဖြစ်နေတဲ့အခင်းအကျင်းတွေကိုစစ်ပစ္စည်းတွေ၊ လေယာဥ်တွေ ဒရုန်းတွေ ထောက်ပံ့ပေးနေတာက ရုရှားနဲ့တရုတ်ဘဲ ရုရှား အရမ်းဝေးတယ်လေ။တရုတ်က အနီးကပ်ပံ့ပိုးနေတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ တရားမဝင်တဲ့ရွေးကောက်ပွဲကိုလည်း တရုတ်က အကြီးအကျယ်ထောက်ပံ့ပေးနေတယ်။ ဆိုတော့ စစ်ကောင်စီကလည်းဒါကို အကြီးအကျယ်ကျေးဇူးဆပ်ချင်တာပေါ့”လို့ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ မြစ်ဆုံစီမံကိန်းအတွက် ခြေလှမ်းတွေဟာ အာဏာသိမ်းမှု ၅ နှစ် အကြာမှာ ပိုပြီးခပ်စိပ်စိပ်ဖြစ်လာတာကြောင့် နိုင်ငံတစ်ဝှမ်းကလူထုတွေရဲ့ မြစ်ဆုံစီမံကိန်းအပေါ်ကန့်ကွက်လှုပ်ရှားမှုတွေဟာ လည်း ဒုစစ်ခေါင်းဆောင် ဦးစိုးဝင်းရဲ့ပြီးခဲ့တဲ့ဒီဇင်ဘာလက ခရီးစဥ်နောက်ပိုင်း ခပ်စိပ်စိပ်တွေ့လာရတာပါ။
စစ်ကော်မရှင်ဘက်ကလည်း ဒီကန့်ကွက်မှုတွေကိုအရေးယူနိုင်ဖို့ရည်ရွယ်ပြီးတော့ နိုင်ငံတော်က အကောင်အထည်ဖော်လုပ်နေတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းမှန်သမျှကို အထောက်အထားခိုင်လုံမှုမရှိ၊ ပတ်သက်ဆက်နွယ်တာမရှိဘဲ ကန့်ကွက်မှုတွေ ရှိကြောင်းတွေ့ရှိရင် သက်ဆိုင်ရာဥပဒေနဲ့အညီအရေးယူခံရမယ်လို့ ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
By – အမိုး



