ထီးချိုင့်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြစ်ကမ်းနဘေးကျေးရွာတွေအထိ ဝင်ရောက်လာ

စစ်ကိုင်းတိုင်းကချင်ပြည်နယ်အစပ်က ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေ ကသာမြို့နယ်ကိုရောက်ရှိလာပြီလို့ ထွက်ပြေးနေရတဲ့ ကသာမြို့ကဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သိရပါတယ်။

နောက်ဆုံးသိရတဲ့အခြေနေအရ ဧပြီ ၁၆ ရက်နေ့မှာဘဲ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကသာမြို့နယ် အင်းလေးရွာကိုရောက်ရှိ လာပြီး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ကျေးရွာတစ်ချို့ပြန်လည်လက်လွှတ်လိုက်ရပြီလို့ ဒေသခံတစ်ဦးက ပြောပါ တယ်။

“မနေ့က ကသာနယ် ကလုံအင်းရွာလေးထဲရောက်လာပြီ။ လက်နက်ကြီးသံတော့ကြားနေရတယ်။ လေကြောင်းတော့တိုက်ခိုက် တာမရှိသေးဘူး။ စစ်ကြောင်းနဲ့တိုးတဲ့သူတွေလည်းရှိတယ်။ ဘာမှမလုပ်ဘူး။ ကသာနယ်ထဲကရွာတွေအကုန်ပြန်ပါပြီပေါ့။ သိပ်မကျန်တော့ဘူးလို့ထွက်ပြေးနေရတဲ့ ကသာမြို့ဧရာဝတီမြစ်ကမ်းနဘေးကဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကြောင်းစတင်ထိုးတဲ့ ဧပြီလ ၁၃ ရက်နေ့ကတော့ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ်မှာ နှစ်ဖက်တပ်တွေအကြားထိတွေ့မှုတွေရှိခဲ့ ပေမဲ့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားတာတော့ ဒီနေ့အထိမရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။

နှစ်ဖက်တပ်တွေကပစ်ခတ်တဲ့လက်နက်ကြီးသံတွေတော့စစ်ကြောင်းထိုးလာတဲ့နေ့ကစလို့ ဒီနေ့အထိကြားနေရပြီး ဒေသခံတွေက တော့ စစ်ကြောင်းထိုးလာတဲ့သတင်းစရတဲ့ ဧပြီလ ၁၃ ရက်နေ့ကတည်းက ဘေးလွှတ်ရာတွေကိုထွက်ပြေးခဲ့ကြရတယ်လို့သိရပါ တယ်။

ထီးချိုင့်၊ ကသာမြို့နယ်အစပ် ဧရာဝတီမြစ်ကမ်းနဘေးက ကျေးရွာအကုန်လုံးနီးပါး အဆိုပါစစ်ကြောင်းကြောင့် ဘေးလွှတ်ရာ နေရာတွေမှာထွက်ပြေးနေကြရဆဲဖြစ်ပြီး မြစ်ကမ်းနဘေးမှာခက်ခဲစွာဖြတ်သန်းနေကြရတယ်လို့သိရပါတယ်။

အထက်ပါဒေသခံတစ်ဦးကဘဲကလေးတွေရော ခွေးတွေရော။ နေပူထဲမှာကိုင်းတောတွေထဲနေရတာပေါ့။ တချို့တွေကလည်းစားဖို့ပါကြတယ်။ တစ်ချို့လည်း မပါကြဘူး။ မနက်ပိုင်းဆိုရင်လည်းတော်တော်အေးတယ်။ ညကလည်း လေတွေမိုးတွေကျတော့ ဒုက္ခဖြစ်ကြတယ်လို့ လက်တလော စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေရဲ့အခြေနေကိုပြောပြပါတယ်။

ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကျေးရွာတွေအထိကို လက်တလောရောက်ရှိလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့မတ်လနောက်ဆုံးအပတ်ကဘဲ ထီးချိုင့်မြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ စစ်ကြောင်းတွေလို့သိရပါတယ်။

ထီးချိုင့်မြို့က ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကတော့ အဆိုပါစစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ မြစ်ကမ်းနဘေး ကျေးရွာတွေတစ်လျှောက်ဖြတ်ကာ ကသာမြို့နယ်အထိရောက်ရှိသွားတာဖြစ်ပြီး လမ်းတစ်လျှောက်နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်ကော်မရှင်ဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုတွေတော့ရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်တဲ့ မိုးတွင်းကာလတိုင်းကိုမြစ်ကြောင်းကို အသုံးချကာ မန္တလေးမြို့ကနေ ဗန်းမော်မြို့အထိ နှစ်စဥ်နှစ်တိုင်းလိုလို စစ်သင်္ဘောကြီးတွေနဲ့ လေကြောင်းအင်အားပါအသုံးပြုကာ စစ်လက်နက် ရိက္ခာများ တင်ပို့လေ့ရှိတာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုလို ကချင်ပြည်နယ်ရဲ့ဝင်ပေါက်လည်းဖြစ်တဲ့ စစ်ကိုင်းကချင်အစပ်ကိုထိန်းချုပ်ဖို့ကြိုးစားလာတာလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောကြပါတယ်။

ကသာမြို့ကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနေတဲ့ကာလအတွင်း တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ဒီနေ့အထိ နှစ်ဖက်တပ်တွေအခြေနေတင်းမာနေကြတာဖြစ် ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button