မေခမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု ပိုများလာ
ကချင်ပြည်နယ် ချီဖွေ – ဆော့လော်လမ်း မေခမြစ်ကြောင်းတစ်လျှောက်မှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ယခင်ထက် အဆမတန် များလာပြားလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။
“မေခမြစ်ကို ဟိုရွှေ့ ဒီရွှေ့နဲ့ အားလုံးလုပ် လိုက်ပြီ။ အဲဒါတွေကြည့်ပြီး တော်တော်စိတ်မကောင်းဘူး။ အရင်တုန်းကထက် ပိုဆိုးရွားစွာ ဗြောင်းဆန်အောင် လုပ်ပလိုက်ပြီ” လို့ ချီဖွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ချီဖွေမြို့နယ်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီးနောက် KIO အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာ ၁ နှစ်ကျော်လာချိန် သဘာဝတ်ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဒေသခံတွေ ထောက်ပြကြပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် ချီဖွေမြို့နယ်ကို KIA မသိမ်းပိုက်ခင်ကတည်းက မေခမြစ်ကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ရွှေတူးဖော်မှုတွေကို စတင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ နောက်ပိုင်း KIO အစိုးရသိမ်းပိုက် အုပ်ချုပ်ပြီးနောက်ပိုင်းမှာလည်း ရွှေတူးဖော်မှုတွေက လျော့နည်းသွားခြင်းမရှိပဲ ပိုမိုတိုးများလာတာကိုပဲ မြင်တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြို့နဲ့ကပ်ရပ် မေခမြစ်ပေါ်မှာလည်း သံဖောင်ကြီးတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “တဒုန်းဒုန်းတဂျိန်းဂျန်းနဲ့ တမြို့လုံးကြားတယ်။ ညအိပ်လို့တောင်မရဘူး။ ချီဖွေကနေ မန်ဒုံ ဘက်ဆို အကြီးအကျယ်၊ ဖားကန့်လိုဖြစ်သွားပြီ။ ရေငုပ်ကျင်းတွေတောင် ဒီနှစ်လျော့သွားတယ်။ အခုက စက်ယန္တရားကြီးတွေနဲ့ပဲ တူးနေကြတယ်”လို့ ပြောပါတယ်။
လက်ရှိ ချီဖွေမြို့တွင်း မေခမြစ်ပေါ်မှာ စက်ယန္တရားကြီး ၂ ခုရှိပြီး နေ့ည မပျက် ရွှေတူးဖော်နေကြတာကြောင့် စက်သံတွေ ဆူညံမှုနဲ့ ဒေသခံတွေ အိပ်မရအောင် ကြားနေရတယ်လို့ ပြောပါတယ်။
လုပ်ငန်းရှင်တွေ တူးဖော်ပြီးသွားတဲ့နေရာတွေမှာ ဒေသခံလက်လုပ်လက်စားအတွက် ဝင်လုပ်ခွင့် ပေးထားပေမယ့် စက်ယန္တရားကြီး တွေနဲ့သာ တူးဖော်နိုင်တဲ့ မြေနေရာဖြစ်တယ်လို့ ဆိုပါတယ်။
ချီဖွေမြို့ဟာ နှစ်စဉ်ရေကြီးမှု ဒဏ်ကိုကြုံတွေ့ခံစားကြရတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ရေကြီးမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၂၆ မှာလည်း ဧပြီလ ပထမပတ်နဲ့တင် မိုး ၂ ပတ်တိတိ အဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ရေတွေမြှင့်တက်လာကာ ဒီနှစ်အတွက် ပိုစိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရှုခင်းတွေ မလှတော့ဘူး။ တော်တော်ပျက်စီးသွားပြီ။ ရေလမ်းကြောင်းတွေလည်း ပြောင်းသွားပြီ။ ပြီးရင် မိုးရာသီမှာ အရင်ထက် ပိုအန္တရာယ်များလာမယ်။ ဘယ်လိုများ ဖြစ်လာမလဲ စိုးရိမ်မှု အများကြီးရှိတယ်။ ချီဖွေမြို့က ရေစီးပေါက်ကျဉ်းသလို မြေစာတွေ တော်တော်များများက ချီဖွေမြို့မှာပဲ လာအိုင်သလို ဖြစ်နေတယ်။ နှုန်းမြေတွေလည်း အရင်နှစ်တွေထက် ပိုမြှင့်တက်လာတယ်။ ဆော့လော်သွားလမ်း ဘက်ဆို မေခမြစ် ဘယ်၊ ညာတစ်ခုလုံး ရွှေလုပ်ကွက်တွေ အများကြီးပဲ ကျောက်စရာကြီး တူးထားတာတောင်မှ ဖားကန့်မှာ ကျောက်စိမ်းတူးသလိုမျိုး ပုံစံတွေ ဖြစ်နေတယ်” လို့ ချီဖွေဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။
လက်ရှိ ချီဖွေမြို့နယ်ထဲကို ဝင်ရောက်လာတဲ့လုပ်ငန်းရှင်တွေဟာ အခြားမြို့နယ်တွေထဲက ဖြစ်တယ်လို့ သိရပြီး KIO က ရွှေလုပ်ကွက်ပေါင်း ဘယ်လောက်ချထားပေးတယ်ဆိုတာကို စုံစမ်းသိရှိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
ရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး KIO မူပေါ်လစီ ရှိတဲ့အတိုင်း လုပ်ငန်းလုပ်ဆောင်ပါက ဘာပြဿနာရှိမှာ မဟုတ်သလို ရွှေတူးဖော်မှုတွေကို အဓိက စီစစ်နေတဲ့ ကော်မတီလည်း ရှိတယ်လို့ ပြောဆိုပါတယ်။
“KIO ရဲ့ပေါ်လစီမှာ ရွှေတူးဖော်မှုက ပြည်သူသဘောတူတဲ့ နေရာမှာ ဖြစ်ရမယ်၊ ပြည်သူလယ်ယာမြေ၊အိမ်၊ခြံ တွေကို ရွှေတူးဖော်မှု မလုပ်ရ၊ လူထုနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ရွှေတူးဖော်မှု မပြုလုပ်ရ၊ သမိုင်းဝင်နေရာတွေမှာ ရွှေမတူးရ။ ပြီးတော့ ရွှေတူးပြီးရင် မြေတွေ ပြန်ဖုပြီး ညီထားရမယ် ဆိုတဲ့ ပေါ်လစီရှိတယ်။ ဒီအတိုင်း လုပ်နေလား၊ မလုပ်နေလား ဆိုတာကို ရွှေတူးတဲ့လုပ်ငန်းတွေကို သီးသန့်စီစစ်တဲ့အဖွဲ့လည်း KIO မှာရှိတယ်”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ပြောပါတယ်။
ချီဖွေမြို့နယ်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေအကြောင်း တိုင်ကြားနိုင်ရေးအတွက်လည်း စိုးရိမ်မှုရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။
“ဘယ်လောက်ထိ ပြောနေလည်း တာဝန်ယူ ဂရုစိုက်တာမျိုး မရှိပါဘူး။ တကယ်ဆို ဒါမျိုးတွေ ပြောတောင် မပြောချင်တာ ဟုတ်တယ်။ ပြောရင်လည်း လုံခြုံရေးက စိုးရိမ်ရတယ်” လို့ ချီဖွေဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။
ချီဖွေမှာ ရွှေတူးဖော်မှုနဲ့ သတ္တုတူးဖော်မှုတွေကြောင့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပိုဆိုးလာတဲ့အပြင် အာဏာပိုင်တွေက သစ်တောထိန်းသိမ်းရေး ထိရောက်စွာလုပ်ဆောင်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ချီဖွေမြို့စျေးတန်းမှာလည်း တောတွင်း သားရဲ၊ တရိစ္ဆာန် ၊ သားကောင်တွေ မျိုးစုံ ရောင်းဝယ်မှု ပိုမိုများပြားလာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ချီဖွေဒေသခံတွေဟာ တောင်ကျချောင်းရေတွေကို အဓိကသောက်သုံးကြတာဖြစ်ပြီး တောင်ပေါ်ဘက်မှာ ရွှေတူးဖော်မှုတွေ အပြင် သတ္တုတူးဖော်တာတွေကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ မျိုးစုံကို ခံစားနေကြရတာလည်း ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




