ဖားကန့် တိုက်ပွဲတွင်း အရပ်သားသေဆုံးသူများလာ

ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ တစ်ပတ်အတွင်း လက်နက်ကြီးကြောင့် အရပ်သားပြည်သူထိခိုက်၊ သေဆုံးသူစုစုပေါင်း ၁၀ ဦးခန့်ရှိလာပြီလို့သိရပါတယ်။

စစ်တပ်ဟာ KIA ထိန်းချုပ်ထားတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ စစ်တပ်ရှိတဲ့ ဖားကန့် တပ်မကုန်း၊ မျောက်ကုန်းနေရာတွေကနေ လက်နက်ကြီး၊ ဒရုန်းပစ်ကူမှုတွေကြောင့် ဧပြီ ၁၈ ရက်နေ့နောက်ပိုင်း အရပ်သားသေဆုံးမှု ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဧပြီ ၁၈ ရက်နေ့ည တပ်မကုန်းကနေ ဖားကန့်တဝိုက် လက်နက်ကြီးပစ်ခတ်တာဆိုးဆိုးရွာရွားလုပ်လာတယ်။ အဲ့ဒီညမှာပဲ မှော်လကင် ရိုးရာရုံးနဲ့ ပွင့်ထူးစံ ဝင်းနေရာမှာ စစ်တပ်ရဲ့ လက်နက်ကြီးကျမှန်ခဲ့တယ်။ လူတစ်ယောက်အသက်သေဆုံးခဲ့ရတယ်။ နောက် ၁၉ ရက်နေ့မနက်ပိုင်းမှာ မလန်တုံဘက်က စစ်ရှောင်စခန်းမှာ လက်နက်ကြီးကျလို့ စစ်ရှောင်ကလေးတစ်ဦးသေဆုံးခဲ့ရတယ်လို့ပြောပါတယ်။

ဧပြီ ၁၈၊ ၁၉ နှစ်ရက် လက်နက်ကြီးပြင်းပြင်းထန်ထန် ပစ်ခတ်ပြီးတဲ့နောက် အရပ်သား ထိခိုက်၊ သေဆုံးမှုရှိခဲ့သလို စစ်ကြောင်းတွေက မှော်ဆီစာ ဘုန်းကြီးကျောင်း၊ ရခိုင်ရိုးရာဝင်း၊ အောင်သာယာ()၊ အောင်သာယာ()၊ မလန်တုန် ဘုန်းကြီးကျောင်းဝင်းနဲ့ ကျေးရွာလူနေရပ်ကွက်တွေမှာ ဝင်ရောက်နေရာယူလိုက်တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ လက်ချက်ကြောင့် ဆိုင်းအောင်ကျေးရွာ မှော်လကင်မှာ နေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ရပြီး လုံးခင်းအုပ်စု မလန်းကျေးရွာရှိ စစ်ရှောင်စခန်းမှ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပါတယ်။

ယခုဖြစ်စဉ်မတိုင်မှီ သင်္ကြန်အကြိုရက်ဖြစ်တဲ့ ဧပြီ ၁၄ ရက်နေ့မှာလည်း သတ်ဖြတ်ထားတဲ့ လူငယ် ၄ ဦးရဲ့ ရုပ်အလောင်းကို မရှီကထောင် နဲ့ စည်ပင်လမ်းဆုံ၊ ရွှေမြန်မာဆီဆိုင်နားမှာ အိမ်စီးကားတစ်စီးနဲ့ လာပစ်သွားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေပြောပါတယ်။

အဲဒီသတ်ဖြတ်ခံရတဲ့ လူငယ် ၄ ဦးဟာ သင်္ကြန်လည်ပြီး ဖမ်းဆီးခံရကာ လူမဆန်စွာရိုက်နက်နှိပ်စက်ခံရပြီး သေဆုံးသွားတာကြောင့် လမ်းဆုံနေရာမှာ လာပစ်သွားတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

PSA

လူငယ် ၄ ဦးသေဆုံးသေဆုံးမှုမှာ စစ်တပ်ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာကြောင့် စစ်တပ်ရဲ့ လက်ချက်သာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ ပြောဆိုနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ လက်နက်ကြောင့် သေဆုံးသူ ၆ ဦးနဲ့ ၇ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာစုစုပေါင်း ၁၀ ဦးကျော်ရှိလာပြီဖြစ်တဲ့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။

ဒဏ်ရာရရှိတဲ့သူက ၃ ၊ ၄ ယောက်လာရှိလာပြီ။ သေဆုံးသူက ၆ ယောက်၊ ၇ ယောက်လောက်ရှိလာပြီ။ လက်နက်ကြီးက ဆိုင်းတောင်ဘက်ကပစ်လိုက်၊ လုံးခင်းဘက်ကပစ်လိုက်နဲ့ ဒီရက်ပိုင်းတော့နေ့တိုင်းလိုလိုပစ်နေတာလို့ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ ဧပြီလ ၁၉ ရက်နေ့မှာလည်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို ဆွန်နန်()ငြိမ်းချမ်းသာယာ ခွန်ဆာကုန်းရပ်ကွက်မှာ လာရောက်ပစ်ချသွားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

အခုလိုဖားကန့်မှာ စစ်ရေးတင်းမာမှုဖြစ်ပြီး အရပ်သားသေဆုံးမှုတွေဖြစ်လာတာဟာ KIA အထိုင်ချထားတဲ့ မရှီကထောင်အနောက်ဘက်ခြမ်း KBC ဆုတောင်းကုန်းနေရာနဲ့ မော်ဝမ်းကြီး၊ မော်ဝမ်းလေ အနီးတဝိုက်က ဧပြီလဆန်း ၂ ရက်နေ့မှာ KIA သိမ်းပိုက်ထားတဲ့ စစ်တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှုရှိလာခဲ့တာဖြစ်ပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်း မရှီကထောင်အနောက်ဘက်ခြမ်းမှာ ၃ လခန့်ကြာတိုက်ပွဲဖြစ်ခဲ့တာကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုရှိခဲ့ပါတယ်။

အလားတူ ၂၀၂၅ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ဖားကန့်ကြောင့် လုံးခင်း၊ မှော်ဆီစာ၊ ရှရော်ခ၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ ကုဋေမှော် စတဲ့ကျေးရွာက အပြစ်မဲ့ပြည်သူတွေ ထိခိုက်၊ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း တစ်ပတ်အတွင်းမှာတင် ဖားကန့် အရပ်သားပြည်သူ ၃၀ ကျော်အထိ ထိခိုက်၊ သေဆုံးမှုရှိခဲ့တာကို KNG သတင်းဌာနရဲ့ စုစည်းချက်မှာတွေ့ရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button