ဖားကန့်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို စစ်တပ်က သယ်ထုတ်ယူ
ဖားကန့်မှာ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို မေလ ၁၀ ရက်နေ့မှာ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။
လုံးခင်း ဂေါက်ကွင်း၊ ဆေးရုံ နဲ့ သင်္ချိုင်းကုန်း တစ်လျှောက် မေလ ၃ ရက်ကနေ ၆ ရက်နေ့အထိဖြစ်တဲ့တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ ဖားကန့် စစ်ရေးတင်းအရင်းအမြစ်တွေပြောပါတယ်။
တိုက်ပွဲအတွင်းဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ တပ်သားတွေကို ကား ၃ စီးနဲ့ မေလ ၁၀ ရက်နေ့ ဖားကန့် ကားမိုင်း – နန့်ယားလမ်းကို အသုံးပြုပြီး သယ်ထုတ်သွားတဲ့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မေလ ၆ – ၇ ရက်နေ့မှာ ဖားကန့်ကို စစ်အင်အား ၃၀၀ လောက်ပြန်ဝင်လာတယ်။ မနေ့ကတော့ တိုက်ပွဲဒဏ်ရာရတဲ့သူတွေကို ကား ၃ စီးမှာတင်ပြီး မနေ့ည ကားမိုင်မှာအိပ်တယ်။ ဒီမနက် ၇ နာရီခွဲလောက်မှာ နမ္မတီး – မရန်ကထောင်ဘက်ကို ရောက်သွားတယ်။ ဒဏ်ရာရရှိတဲ့သူ အားလုံး ၁၀၀ လောက်ရှိတယ်။ ခြေထောက်ကျိုးတဲ့သူတွေ၊ မျက်နှာအုပ်ထားတဲ့သူတွေ နောက် ပတ်တီးစီးထားတဲ့သူတွေ အားလုံးပါတယ်”လို့ပြောပါတယ်။
ပြင်းထန်ဒဏ်ရာရရှိ စစ်သား ၁၀၀ ခန့်ကို မေလ ၇ ရက်နေ့ နောက်ပိုင်း ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ တစ်ဖန်စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကြောင်းတွေ ဖားကန့်ရောက်ပြီးနောက် မေလ ၁၀ ရက်နေ့မှာ ကားမိုင်းဘက်ကို သယ်ထုတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကို ဧပြီလ ၂၂ ရက်နေ့စတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရက်အကန့်အသတ်မရှိပိတ်ထားကြောင်း ကြေညာထားပေမယ့် ကားမိုင်း – နန့်ယားလမ်းပိုင်းကို စစ်တပ်က အသုံးပြုနေဆဲဖြစ်ပါတယ်။
အခုလို KIA က သွားလာခွင့်တားမြစ်ထားတဲ့ လမ်းကြောင်းကို စစ်တပ်ဘက်က အထိန်းအကွပ်မရှိ အတက်အဆင်းသွားလာနေတဲ့အပေါ်မှာလည်း ဖားကန့်ပြည်သူတွေက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။
မေလဆန်းပိုင်း ၃ ရက်နေ့စပြီး လုံးခင်း ဂေါက်ကွင်း၊ ဆေးရုံနဲ့ သချိိုင်းကုန်းနေရာတစ်လျှောက်ဖြစ်တဲ့ တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ဆန်းပိုင်းက ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့အဖွဲ့တွေဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းတွေက လုံးခင်းကျေးရွာအုပ်စုရဲ့ အဝင်အထွက် အရေးပါတဲ့ နှစ်မျက်နှာဘုရားအပါ နေရာ ၃ ခုမှာ စစ်အင်အား ၃၀ ဝန်းကျင်ခန့် နဲ့ စစ်ကြောင်း ၃ ခုခွဲပြီး KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒါကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာတွေကို ဝိုင်းရံပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်ကအထိနာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလုံးခင်း ဂေါက်ကွင်း၊ ဆေးရုံနဲ့ သချိိုင်းကုန်းနေရာတစ်လျှောက် ဖြစ်ခဲ့တဲ့ တိုက်ပွဲ ၄ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး ၁၂ ဦးနဲ့ အရှင်ဖမ်းဆီးရမိသူ ၄ ဦးရှိခဲ့တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။
အခုလို စစ်တပ်ဘက်ကနေ အထိနာသွားတဲ့အတွက် မေလ ၈ ရက်နေ့မှာလည်း စစ်တပ်က တိုက်ပွဲနဲ့ထိစပ်တဲ့ မှော်ဆီစာ မလောင်ကျေးရွာနဲ့ ကုဋေမှော်ရွာထိပ် လမ်းဆုံးမှာ လေကြောင်းနဲ့ ၂ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မှော်ဆီစာ နဲ့ ကုဋေရွာလမ်းဆုံဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ကုန်စုံဆိုင်အပါ အရပ်သား နေအိမ် ၁၀ ခန့် မီးလောင်ပျက်စီးမှုရှိခဲ့ပါတယ်။
မေလ ၈ ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဖားကန့်တိုက်ပွဲ ယာယီငြိမ်သက်သွားပေမယ့် စစ်တပ်ဘက်ကနေ လုံးခင်းကျေးရွာကနေ မှော်ဆီစာ၊ နန့်မဖြစ်သွားတဲ့လမ်းပိုင်းတွေမှာ စစ်ရေးလှုပ်ရှားနေဆဲဖြစ်တယ်လို့ နောက်ထပ်ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။
“မှော်ဆီစာရွာလမ်း၊ ဘုန်းကြီးကျောင်းတွေထဲမှာတပ်ဖြန့်ထားတယ်။ သူတို့ကအရပ်ဝတ်တွေနဲ့ သွားလာနေကြတာ လုံးခင်းကနေ မှော်စာတစ်လျှောက်၊ လုံးခင်းကနေ နန်းမဖြစ်တစ်လျှောက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာနဲ့ နီးနီးကပ်ကပ်ဆိုင်နေကြတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ ဖားကန့်ဒေသထဲကို ပြည်သူ့စစ်အင်အားဖြည့်တင်းထားပြီး လုံးခင်း၊ မှော်ဆီစာ၊ မရှီကထောင် ကျေးရွာရှိ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ချထားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
တစ်ဖက်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်လည်း လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်လည်ရရှိဖို့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ဒရုန်းလက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဖားကန့်တိုက်ပွဲဟာ ဧပြီလဆန်းပိုင်းကနေ ယခု မေလ ၁၀ ရက်ကျော်လာတဲ့အထိ နှစ်ဖက်စစ်တပ် နေရာလုတိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




