ကချင်ကိုဝင်လာတဲ့ စစ်ယာဉ်တန်းတွေ၊ အရပ်သားအကူအညီလား စစ်ရေးထောက်ပို့လား
ကချင်ပြည်နယ်ကို ဝင်ရောက်လာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေမှာ ဘာတွေတင်ဆောင်လာသလဲဆိုတဲ့ မေးခွန်းက လတ်တလော စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။
စစ်တပ်ထောက်ခံတဲ့ ချန်နယ်လ်တွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ ဖော်ပြချက်အရ မေလ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားတဲ့ ဒုတိယအကြိမ် စစ်တပ်ယာဉ်တန်းဟာ ကျောင်းသုံးစာအုပ်တွေ၊ ဆေးဝါးတွေ၊ အခြေခံစားသောက်ကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်တပ်ဘက်ကတော့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းတစ်လျှောက်က မြို့ရွာတွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကျောင်းဖွင့်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အခုလို ပစ္စည်းတွေ ပို့ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
ဒါပေမယ့် KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အရင်တစ်ခေါက် ကချင်ပြည်နယ်ဘက်ကို တက်လာခဲ့တဲ့ ယာဉ်အစီး ၄၀၀ ကျော်ရှိတဲ့ စစ်တပ်ရဲ့ယာဉ်တန်းမှာ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ ပါဝင်သလို လက်နက် ခဲယမ်းတွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
“ရှေ့တစ်ခေါက် အစီး၄၀၀ တက်လာတုန်းကလည်း ဘိလပ်မြေအိတ်တင်တဲ့ ကားအစီး၁၀၀ပါတယ်။ တခြားဆောက်လုပ်ရေး ပစ္စည်းတွေလည်း ပါတယ်။ စားနပ်ရိက္ခာတင်တဲ့ကားတွေလည်းပါတာ ဟုတ်တယ်။ လက်နက်ခဲယမ်းတွေလည်းပါတယ်။”လို့ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုထပ်ရောက်လာတဲ့ ယာဉ်တန်းမှာလည်း အစားအသောက်နဲ့ ပြည်သူတွေအသုံးပြုရမယ့် ပစ္စည်းတွေ ပါဝင်နိုင်ပေမယ့် စစ်ယာဉ်တန်းဖြစ်တဲ့အတွက် လက်နက်ခဲယမ်းနဲ့ စစ်ရေးထောက်ပို့ ပစ္စည်းတွေပါဝင်ဖို့ များတယ်လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။
“ဒီတစ်ခေါက်လည်း အစားအသောက်တွေလည်း ပါမှာဘဲ ။ အဲဒီလိုဘဲ ပြည်သူတွေ အသုံးပြုရမယ့် ပစ္စည်းတွေလည်းပါမှာဘဲ။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စစ်ကားဖြစ်တဲ့ အတွက် လက်နက်ခဲယမ်းတွေလည်း သယ်တာတွေလည်း သေချာပေါက်ပါမယ် လို့တော့ သိရှိနိုင်တယ်။ ပြီးတော့ စစ်အင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ ကားကို ဖုံးပြီး မောင်းလာတာဖြစ်တဲ့အတွက် စစ်အင်အား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးဘူး“

စစ်တပ်ဟာ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယာဉ်အစီး ၄၀၀ ကျော်ပါ ယာဉ်တန်းတစ်ခုနဲ့ ယာဉ်အစီး ၂၀၀ ခန့်ပါဝင်တဲ့ နောက်ထပ်ယာဉ်တန်းတစ်ခုကို ကချင်ပြည်နယ်အတွင်းကို ဆက်တိုက်ဆိုသလို ဝင်ရောက်အင်အား ဖြည့်နိုင်ခဲ့တာပါ။
ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ အရပ်သားတွေအတွက် အသုံးပြုမယ့် ကျောင်းစာအုပ်၊ ဆေးဝါးနဲ့ စားသောက် ကုန်တွေကို စစ်ရေးထောက်ပို့ပစ္စည်းတွေနဲ့အတူ ယာဉ်တန်းတစ်ခုတည်းမှာ ရောပြီးသယ်ဆောင်လာတာ ဟုတ်မဟုတ်ဆိုတဲ့ အချက်ပါ။
ဥပဒေပညာရှင်တစ်ဦးကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်များအားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law-IHL) ကို တူညီစွာလိုက်နာရမှာဖြစ်ပြီးစစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို အမြဲတမ်း ခွဲခြားသတ်မှတ်ထားရမယ်လို့ KNG ကို ပြောပါတယ်။
“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ကာကွယ်ပေးထား ပါတယ်။ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှုကို ထိရောက်စွာ အထောက်အကူပြုနေတဲ့ ယာဉ်တန်းတွေဟာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ အကယ်၍ အကူအညီပစ္စည်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်လာတယ်ဆိုရင် အဲ့ဒီယာဉ်တန်းဟာ သီးသန့် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မသတ်မှတ်နိုင်တော့ဘဲ IHL အရ ရရှိထားတဲ့ အကာအကွယ်အချို့ကို ဆုံးရှုံးသွားနိုင်ပါတယ်“လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ Ja Seng Hkawn ကဆိုပါတယ်။
ဂျီနီဗာကွန်ဗင်းရှင်းရဲ့ Additional Protocol I မှာ ပါဝင်တဲ့ Distinction Principle အရ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေဟာ စစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ထားရမှာ ဖြစ်ပါတယ်။
အရပ်သားအသုံးပြုပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ ထောက်ပို့ပစ္စည်းတွေကို ယာဉ်တန်းတစ်ခုတည်းမှာ ရောနှောသယ်ဆောင်လာ တာ မှန်ကန်ခဲ့မယ်ဆိုရင် အဲ့ဒီအခြေအနေဟာ ဥပဒေရေးရာနဲ့ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်တွေကနေ မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ဥပဒေရေးရာလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်ကို အဲဒီလို စစ်ယာဉ်တန်းကြီးတွေ ဆက်တိုက် ဝင်ရောက်လာချိန်မှာပဲ မန္တလေး−မြစ်ကြီးနားလမ်းမပေါ် မှာရှိတဲ့ ကသာ၊ အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်စတဲ့မြို့တွေတစ်ဝှိုက်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေတာပါ။
ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲ ဝင်ရောက်လာနေတဲ့ ယာဉ်တန်းတွေဟာ ပြန်လည်ထူထောင်ရေးနဲ့ အရပ်သားအကူအညီ ပစ္စည်းတွေ သယ်ဆောင်လာတာသက်သက်လား၊ ဒါမှမဟုတ် စစ်ရေးအင်အားနဲ့ ထောက်ပို့ဖြည့်တင်းရေးအတွက်ပါ တစ်ပြိုင် တည်း အသုံးပြုနေတာလားဆိုတဲ့ မေးခွန်းကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အချက်တစ်ခုဖြစ်နေပါတယ်။
By – အမိုး




