ယမ်းပေါက်ကွဲမှုနစ်နာသူတွေကို TNLA အပြည့်အဝတာဝန်ယူပေးဖို့တောင်းဆို

ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို အပြည့်အဝတာဝန်ယူပေးဖို့ TNLA ကို လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

တအာင်းတပ်ဖွဲ့ TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် နေထိုင်စရာမရှိတော့တဲ့ ဒေသခံတွေကိ တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး တာဝန်ယူဆောင်ရွက်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

တော်တော်များများ အိမ်တွေမရှိကြတော့ဘူး ဘေးနားက ရွာတစ်ရွာမှာလည်း အများစု အိမ်တွေ ထိခိုက်ပျက်စီးသွားတာကြောင့် နေထိုင်လို့မရတော့တာ များတယ်။ ကူညီပေးနေတဲ့ အဖွဲ့တွေလည်း အတော်များများ ကူညီဖေးမနေကြပေမယ့် အရေးကြီးဆုံးက အစားအသောက်တွေ ဖြစ်နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ထိခိုက်နစ်နာသူတွေကို သေချာတာဝန်ယူပေးရလိမ့်မယ်လို့ ပြောချင်ပါတယ် လို့ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ ယမ်းသိုလှောင်ရုံ ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးသူ ပြည်သူ ၇၀ ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

နမ့်ခမ်းမြို့ အရှေ့တောင်ဘက်  မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ကောင်းတပ်ကျေးရွာရှိ PSLF/TNLA ရဲ့ လုပ်ငန်းသုံး ယမ်းသိုလှောင်ရုံကြီး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘေးနားက ဘန်လုံကျေးရွာမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဘာသာရေးကျောင်းဆောင်တွေ၊ ပညာရေးကျောင်းတွေ၊ အဆောက်အအုံတွေနဲ့ လူနေအိမ် ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ကူညီထောက်ပံ့မှုတွေ များစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ နယ်အသီးသီးက ကူညီထောက်ပံ့သူတွေကလည်း ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့က KIO/KIA ကလည်း ကျပ်သိန်း ၅၅၀ တိတိကို နမ့်ခမ်း ကောင်းတပ်ကျေးရွာ ယမ်းပေါက်ကွဲမှုအတွင်း ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူတွေအတွက် လှူဒါန်းကူညီပေးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တအာင်းပြည်ကောင်စီ TLC ရဲ့ ဇွန်လ  ရက်နေ့ ထုတ်ပြန်ချက်ထဲမှာလည်း PSLF/TNLA ခေါင်းဆောင်တွေအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်ရဲ့ အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ဒီဖြစ်စဉ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိဖို့၊ ပေါက်ကွဲမှုနဲ့ ပတ်သက်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ထိခိုက်နစ်နာတဲ့ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ယမ်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး PSLF/TNLA ဘက်ကတော့ ပေါက်ကွဲခဲ့တဲ့ ယမ်းတွေဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့အမျိုးအစားတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလို အန္တရာယ်ကြီးမယ့်အရာတွေကို ကျေးရွာထဲမှာတင် မဟုတ်ဘဲ ကျေးရွာအနီးပတ်ဝန်းကျင်မှာတောင် မထားသင့်ဘူး။ ကျနော့်အမြင်အရဆိုရင် လူနေကျေးရွာတွေနဲ့ အနည်းဆုံး တစ်မိုင်လောက် အကွာအဝေးမှာ ထားသင့်တယ်။ ဒါမှမဟုတ် ပေါက်ကွဲမှု ဖြစ်လာရင်တောင် ဒီလောက်ကြီး ထိခိုက်ပျက်စီးမှု မဖြစ်အောင် အနည်းဆုံး ထိခိုက်နိုင်မှုကို တွက်ချက်ပြီး လုပ်ဆောင်သင့်တယ်။ အခုတော့ စီးပွားရေးအရဖြစ်ဖြစ်၊ လိုအပ်ချက်အရဖြစ်ဖြစ် ကျေးရွာထဲမှာ ထားခဲ့တော့ အခုလိုဖြစ်လာတဲ့အခါ ရစရာမရှိအောင် ပျက်စီးသွားတာ။ ဒီဖြစ်စဉ်ကနေ အားလုံး သင်ခန်းစာ ယူသင့်တယ်လို့ မြင်ပါတယ်” လို့ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ယမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကောင်းတပ်ကျေးရွာဟာ ကချင်နဲ့ တအာင်း (ပလောင်လူမျိုးစုတွေ အများဆုံး နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၃၀၀ ခန့် ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစပြီး PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး ကောင်းတပ်ကျေးရွာ ယမ်းပေါက်ကွဲမှုဖြစ်စဉ်ဟာ TNLA အုပ်ချုပ်ရေးလက်အောက်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြီးဆုံး မတော်တဆမှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံနေရပါတယ်။ 

ဒါကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူတွေအတွက် TNLA အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝပြသဖို့ ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ PSLF/TNLA ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ထိခိုက်နစ်နာ ဆုံးရှုံးမှုရှိခဲ့တဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ငွေ ပေးအပ်တာတွေ လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button