၁၅ နှစ်ကြာလာတဲ့ ကချင်လူထုရဲ့ စစ်ရှောင်ခရီး

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ  ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ကချင်ဒေသ စစ်ပွဲဟာ ဒီကနေ့မှာ ၁၅ နှစ်တိတိ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်အကြား ၁၉၉၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ၂၀၁၁ ခုနှစ် ဇွန်လ  ရက်နေ့မှာ ပျက်ပြယ်သွားခဲ့ပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ 

အပစ်အခတ် ရပ်ဆဲ‌ရေးစာချုပ် ပြတ်ပျယ်သွားတာနဲ့အတူ တစ်ကြော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တာကြောင့် ကချင်ဒေသတော်တော်များများ မှာလည်း စစ်မီးတွေတောက်လောင်ပြီး အပြစ်မဲ့ပြည်သူတွေလည်း စစ်ဘေးသင့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရကတော့ ဒီနှစ်အတွင်းမှာဘဲ နေရပ်ပြန်သွားကြသူတွေရှိနေပြီ ဆိုပေမယ့်လည်း စစ်ရှောင် အရေအတွက်ဟာ များပြားနေဆဲဘဲ ဖြစ်ပါတယ်။

UNHCR ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ  ရက်နေ့ အချက်အလက်တွေအရ ကချင်ပြည်နယ်အတွင်း ၂၀၂၁ မတိုင်ခင်က စစ်ရှောင်ပြည်သူ ၆၈,၄၀၀ ဦးရှိနေဆဲ ဖြစ်ပြီး ၂၀၂၁ နောက်ပိုင်း စစ်ရှောင်ရသူဦးရေကလည်း ၁၇၆,၁၀၀ ဦးအထိ ရှိနေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် ကချင်ဒေသမှာ စစ်ဘေးဒဏ်ကို ၁၅နှစ်ကျော်ကြာ ခံလာရပေမယ့်လည်း အခြေအနေတွေက ငြိမ်သက်မသွားသည့်တိုင် ပိုမို ဆိုးရွာလာသလို စစ်ရှောင် ပြည်သူတွေအတွက်လည်း စားဝတ်နေရေး၊ ကျန်းမာရေး ပညာရေး လိုအပ်ချက်တွေလည်း ရှိနေဆဲဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

စစ်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေအတွက်တော့ ငြိမ်းချမ်းတဲ့ဘဝကို ပြန်လည်ရရှိရေးဟာ အခုထိ မပြီးဆုံးသေးတဲ့ မျှော်လင့်ချက်တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကချင်ဒေသက ပြည်သူတွေအနေနဲ့ ၂၀၁၁ခုနှစ်ကနေ ဒီကနေ့အထိ ၁၅နှစ်ကြာ စစ်ဘေးရှောင်လာရတဲ့အပေါ် ဘယ်လို ခံစားချက်တွေ  အမြင်တွေ ရှိနေလဲဆိုတာကို KNG က မေးမြန်းတင်ဆက်ထားပါတယ်။

ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူ အမျိုးသား

ဆင်းရဲဒုက္ခတွေကတော့ ၂၀၁၁ဇွန်၉ကနေ လက်ရှိချိန်ထိ ၁၅နှစ်အတွင်း အကုန်လုံးက ပိုပြီးကြုံတွေ့နေရတာပေါ့။ တစ်ဖက်မှာလည်း ၁၅နှစ်အတွင်း နိုင်ငံရေး အမြင်တွေက တိုးတက်လာတာတွေလည်း တွေ့ရပါတယ်။ နိုင်ငံရေး စကားဝိုင်းမှာ ဆွေးနွေးတာက အဓိကဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အတူတကွ နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်လို့လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရတာဟုတ်တယ်။ အဲတာကို ကြည့်ရင်တော့ ဆွေးနွေးတိုင်ပင်မှုတွေက အရမ်း အရေးကြီးတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း နှစ်ဖက်စလုံးက စိတ်ရှည်ရှည်နဲ့ ပေးသင့်တာကိုပေး ယူသင့်တာကို ယူပြီး  နှစ်ဖက်လုံးက မျှမျှတတ စိတ်နေစိတ်ထားမျိုးရှိမှ ဆွေးနွေးတာက ပိုအရေးကြီးပါတယ်။ ဒါမှမဟုတ် ကိုယ်ကြိုက်သလိုဘဲ လုပ်မယ်ဆိုရင်တော့ ဆွေးနွေးမှုတွေလည်း ဖြစ်လာမှာ မဟုတ်  စစ်မှန်တဲ့ ဂတိသစ္စာတည်မှုတွေလည်း ရှိရမယ်။ ဘယ်လောက်ထိ ကတိတည်တယ်ဆိုပေမယ့်လည်း တစ်ဖက်က ကတိပြန်ဖျက်လို့ရှိရင်တော့ အလဟတဘဲ။ ဒါကြောင့် ဂတိတည်ပြီး မျှမျှတတနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရင်တော့ တည်ငြိမ် အေးချမ်းမှုတွေ  ဖြစ်လာမယ်လို့ မြင်မိပါတယ်။

တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦး

၁၅နှစ်အတွင်း ကိုယ့်ရဲ့ နေရပ်ဒေသကို ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ စစ်ရှောင်စခန်းမှာဘဲ ဆက်လက်ပြီးတော့ နေထိုင်နေကြတဲ့သူတွေလည်း အများကြီး ရှိနေသေးပါတယ်။ စစ်ဘေးသင့်ခဲ့တဲ့ ရွာတွေ အိမ်တွေဆိုရင်လည်း ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကျွင်းအကျန်တွေ ရှိတတ်တယ်။ အဲဒီအရာတွေက ဘယ်လောက်ထိ အန္တရာယ်များတယ် ဘယ်လို ကာကွယ်ရမလဲဆိုတာကို သူတို့ကို သိရှိစေသင့်တယ်။ ပြီးတော့ သက်ဆိုင်ရာကနေ ကာကွယ်စောင့်ရှောက်မှုတွေလည်း ပေးသင့်တယ်။ စစ်ရှောင်စခန်းမှာ ဆက်ရှိနေကြတဲ့သူတွေကိုလည်း အကူအညီပေးတဲ့အဖွဲ့တွေက ရုတ်သိမ်းလိုက်တာမျိုးမဟုတ်ဘဲ သေချာ ကူညီပေးရမယ်။ ပြီးတော့ သက်မွေးဝမ်းကြောင်းနဲ့ ပက်သက်ပြီးတော့လည်း သေချာ လမ်းညွှန်ပေးရမယ် သင်ပြပေးရမယ်။ လက်ရှိ လမ်းတွေ ပိတ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်သွားတဲ့ အချိန်တွေမှာလည်း သူတိုကို တစ်နိုင်တစ်ပိုင် ဘယ်လို စိုက်ပျိုးရေးတွေလုပ်စားနိုင်အောင်နဲ့ မြို့မှာ ရှိတဲ့ စစ်ရှောင်တွေကိုလည်း ပညာတွေ ဆက်လက်သင်ကြားနိုင်အောင် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ကူညီပေးရမှာ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး

စစ်ရှောင်တွေရဲ့ ဘဝတွေကို ကြည့်လိုက်လို့ရှိရင် ၁၅နှစ်အတွင်း ထိခိုက်နစ်နာတာတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။အဓိကကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားဖွံဖြိုးတိုးတက်မှုတွေမှာ အရမ်းထိခိုက်သွားတာကို တွေ့ရပါတယ်။ စစ်ကတော့ ဖြစ်ဖို့လွယ်ပေမယ့် ပြန်လည် ထူထောင်ရေးတွေကတော့ ၁၅နှစ်လောက် ကြာသွားပေမယ့်လည်း အရမ်းထိရောက်တာမျိုးတွေတော့မရှိဘူး။ ဒါပေမယ့်လည်း ဒီအတောအတွင်း ကူညီထောက်ပံ့ပေးနေတဲ့သူတွေနဲ့ ဆက်လက်ပြီးတော့လည်း ကူညီပေးနေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ကူညီပေးဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။ သူတို့မှာ တခြားထိခိုက် နစ်နာတာတွေလည်း အများကြီး ရှိမှာဘဲ။ အဲတာကို ကျွန်တော်တို့က အမြဲအမှတ်ရနေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သွေးချင်းတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘယ်လိုပြန်လည်ထူထောင်ရေးတွေကို လုပ်ဆောင်ကြမယ်ဆိုတဲ့ အရာတွေမှာလည်း ဆက်လက်ပြီးတော့ ကျွန်တော်တို့ ပါဝင်နေကြရမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။

ထိုင်းရောက် ကချင်အမျိုးသမီးတစ်ဦး

ဇွန်၉ ဆိုတာနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြရတဲ့ ကျွန်မတို့ လူမျိုးတွေကို သတိရမိပါတယ်။ ဒီနေ့ဆိုရင် ၁၅နှစ်တောင် ရှိသွားပြီ။ ဇွန်၉နဲ့ ပက်သက်ပြီး ခံစားချက်ကတော့ ကျွန်မတို့ ကချင်လူငယ်တွေ နေရာတိုင်းမှာတိုးတက်ဖို့ နောက်ကျတာမျိုးတွေက အရမ်းကြာလာပြီ။  ၁၅နှစ်တောင်ရှိသွားပြီ ဖြစ်တဲ့အတွက် အချိန်တွေကိုလည်း အရမ်းနှမျှောတယ်။ မျှော်လင့်မိတာကတော့ ဒီစစ်ဘေးသင့်တဲ့ ဒဏ်တွေဟာ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးဖြစ်ပြီး အမြန်ပြီးဆုံးပြီးတော့ ငြိမ်းချမ်းလာဖို့ကိုတော့ မျှော်လင့်မိပါတယ်။

စစ်ရှောင်လူငယ်အမျိုးသားတစ်ဦး

၂၀၁၁ခုနှစ်ကနေ စစ်ရှောင်လာခဲ့တာ ၂၀၂၅ ဖေဖော်ဝါရီ မှာ နေရပ်ပြန်တော့ ကျွန်တော်တို့ စစ်ရှောင်တာ ၁၄နှစ်လောက်ကြာသွားတယ်။ ခုလိုပြန်လာတဲ့ အခါကျတော့ ကျွန်တော်တို့ လုံခြုံစွာနဲ့ လူသားဆန်စွာဘဲ ကိုယ်သွားချင်တဲ့နေရာကို လုံခြုံစွာသွားလာနိုင်ချင်တယ်။ ကျွန်တော်တို့ ရွာမှာဆိုလည်း လေယာဉ်ပျံနဲ့ ဗုံးကြဲတာတွေ စူးဆိုက်ဒရုန်းတွေနဲ့ ပစ်တာတွေ လက်နက်ကြီးနဲ့ ပစ်တာတေါ မဖြစ်စေချင်ချင်ဘူး။ လုံခြုံစွာနဲ့ နေချင်တယ်။ ပြီးတော့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို တောင်းဆိုချင်တာက စစ်ဖြစ်ပြီဆိုရင် ပြည်သူတွေဘဲ ထိခိုက်နစ်နာတာ ဖြစ်တဲ့အတွက် စစ်ကိုကြာရှည်စွာတိုက်နေတာမျိုးမလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ပြီးတော့ ကိုယ်အုပ်ချုပ်နေတဲ့ ဒေသက ပြည်သူတွေကိုလည်း သေချာလုံခြုံမှု ပေးစေချင်တယ်။

By – Hope

Show More

Leave a Reply

Back to top button