ခေါင်လန်ဖူးဘက်ကို ကား ၆ စီးနဲ့ စစ်အင်အားဖြည့်နေလို့ဆို

ကချင်ပြည်နယ် ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ ဗျူဟာတပ်ကနေ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ အလုံးအရင်းနဲ့ ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ခေါင်လန်ဖူးဒေသဘက်ကို ပူတာအိုဗျူဟာတပ်ကနေ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပို့ဆောင်နေတယ်လို့ ခ.လ.ရ ၄၆ တပ်နဲ့ နီးစပ်တဲ့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“ခေါင်လန်ဖူးနယ်ဘက် အင်အားဖြည့်နေတယ်။ အခုဖြစ်နေတဲ့တိုက်ပွဲမှာ သူတို့ဘက်က အတော်အထိနာပြီး အကျအဆုံးများနေတော့ ပူတာအိုဗျူဟာကနေ အင်အားသွားဖြည့်ရတယ်လို့ သိရတယ်။ ကားခြောက်စီးနဲ့ အပြည့်ပဲ၊ စစ်သားတွေလည်းပါတယ်၊ လက်နက်ခဲယမ်းတွေလည်း ပါတယ်”လို့ ၎င်းကပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ ပူတာအိုကနေ ခေါင်လန်ဖူးဘက်ကို ထွက်ခွာသွားတဲ့ ကား ၆ စီးမှာ စစ်သားတွေ သီးသန့်တင်ဆောင်ထားတဲ့ ကား ၄ စီးနဲ့ လက်နက်ခဲယမ်း၊ ဒရုန်းနဲ့ စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ ကား ၂ စီး ပါဝင်တယ်လို့ သိရပါတယ်။
“ကားလေးစီးကတော့ စစ်သားတွေအပြည့်တင်ထားတယ်။ နောက်ကားတစ်စီးက ရိက္ခာတွေထင်တယ်၊ နောက်တစ်စီးမှာတော့ လက်နက်ခဲယမ်းတွေ ပါမယ်ထင်တယ်။ သေတ္တာတွေ လိုက်တင်ပြီး ထွက်သွားကြတယ်။ အခုလောလောဆယ် ခေါင်လန်ဖူးဘက်မှာ ကားသေးတွေ သွားလို့ရပေမယ့် ကုန်ကားကြီးတွေတော့ မရဘူး။ အခုသွားတာက ဖောကားတွေဆိုတော့ ရောက်နိုင်တဲ့နေရာအထိ သွားမှာထင်တယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ စစ်အင်အားဖြည့်တင်းတဲ့ စစ်ကြောင်းမှာ အင်အား ၂၀၀ နီးပါး ပါဝင်ပြီး အများစုဟာ မြန်မာပြည်အောက်ပိုင်းကနေ ရောက်ရှိလာတဲ့ စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ခေါင်လန်ဖူးဘက် စစ်ရေးအတွက် အရပ်သားကားတွေကို အသုံးပြုပြီး စစ်အသုံးအဆောင်ပစ္စည်းတွေ သယ်ယူနေတယ်လို့ ဒေသခံတွေပြောပါတယ်။
လက်ရှိမှာ ခေါင်လန်ဖူးမြို့နယ်အတွင်း ခေါင်လန်ဖူး–လန်ဆယ်လမ်းပိုင်းရှိ အမတ်ဂျူံဒေသဘက်မှာ ဇူလိုင် ၁၀ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ လာဟီဆင်နဲ့ လန်ဆယ်ဒေသဘက်ကနေ စတင်ထိုးစစ်ဆင်လာပြီး ခေါင်လန်ဖူးမြို့အနီးအထိ ရောက်ရှိလာတာကြောင့် စစ်ကောင်စီတပ်ဘက်က မြို့ကာကွယ်ရေးအတွက် အခုလို စစ်အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခေါင်လန်ဖူးမြို့နယ်ဟာ ပူတာအိုခရိုင်အတွင်းရှိ နယ်စပ်ဒေသတွေကို ဆက်သွယ်ပေးနေတဲ့ မဟာဗျူဟာကျတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
အဲဒီဒေသမှာ ၂၀၂၄ ခုနှစ်နှောင်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုမကြာခနရှိနေပြီး ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ်အတွင်း လာဟီဆင်စခန်းကုန်းနဲ့ လန်ဆယ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီပူးပေါင်းတပ်က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ရာ လက်ရှိမှာတော့ ခေါင်လန်ဖူးမြို့အနီးအထိ နှစ်ဖက်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
By – Zaw Zaw



