ကင်မရာဖလက်ရှ်မီးအောက်က ကံကြမ္မာ သို့မဟုတ် ဂန္ထဝင်မြောက် လက်ဆင့်ကမ်းခြင်း

ဓာတ်ပုံရိုက်တယ်ဆိုတာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ သမိုင်းဝင်ဖြစ်ရပ်တစ်ခုရဲ့ အနှစ်သာရကို ကင်မရာမှန်ဘီလူးထဲ ထည့်လိုက် တာပဲတဲ့။ ဂန္ထဝင် လမ်းဘေးသတင်းဓာတ်ပုံဆရာကြီး ဟင်နရီ ကာတီယာဘရက်ဆွန် Henri Cartier-Bresson ရဲ့အဆိုအမိန့်ပါ။

သတင်းဓာတ်ပုံဆရာတိုင်းဟာလည်း ကင်မရာရှတာကို နှိပ်လိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ သမိုင်းဝင် အခိုက်အတန့်တွေကို ဖမ်းယူဖို့ အတွက် ရည်ရွယ်ကြစမြဲဖြစ်ပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၉ နှစ် (၂၀၀၇ ခုနှစ်) က ဘာစီလိုနာရဲ့ ကန်ပနူးကွင်းထဲမှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံလောက် ကမ္ဘာ့ဘောလုံး လောကရဲ့ကံကြမ္မာကို ဆန်းဆန်းကြယ်ကြယ် ပုံဖော်ပေးခဲ့တဲ့သမိုင်းဝင်မှတ်တမ်းမျိုးတော့ နောက်ထပ်ရှိလာဖို့ မလွယ်တော့ ပါဘူး။

ဒီနေ့ ဇူလိုင် ၁၉ ရက် (မြန်မာစံတော်ချိန် ဇူလိုင် ၂၀ ရက် မနက်စောစော) မှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က MetLife ကွင်းကြီးထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီး ကျင်းပတော့မှာပါ။

ကမ္ဘာ့ဖလားကို ကာကွယ်ဖို့ထွက်လာတဲ့ အာဂျင်တီးနား နဲ့ ဥရောပရဲ့ ထိပ်သီး စပိန်တို့ ရင်ဆိုင်ကြမယ့် ဒီပွဲကို ကြည့်ရင်း အဲ့ဒီသမိုင်း ဝင်ဓာတ်ပုံကို ရိုက်ခဲ့တဲ့ အလွတ်တန်း ဓာတ်ပုံဆရာ ဂျိုအန် မွန်ဖော့ (Joan Monfort) တစ်ယောက် ကင်မရာဖလက်ရှ် မီးအောက်က အဲဒီနေ့က အဖြစ်အပျက်ကို ပြန်မြင်ယောင်နေမှာ သေချာပါတယ်။

ဘာစီလိုနာမြို့က ဓာတ်ပုံဆရာ ဂျိုအန် မွန်ဖော့ဟာ အေပီသတင်းဌာန နဲ့ အဓိကတွဲလုပ်ခဲ့သူဖြစ်ပြီး၊ လာလီဂါနဲ့ ယူအီးအက်ဖ်အေ ပွဲကြီးပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဝါရင့်ဓာတ်ပုံပညာရှင်တစ်ဦးပါ။

ဒါပေမဲ့ သူရိုက်ခဲ့သမျှထဲမှာ ၁၉ နှစ်အရွယ် မက်ဆီ က  လသားအရွယ်ပဲရှိသေးတဲ့ ယာမဲလ်ကို ပွေ့ချီထားတဲ့ ဓာတ်ပုံဟာဘောလုံး သမိုင်းမှာ အဆန်းကြယ်ဆုံးတိုက်ဆိုင်မှု ဖြစ်လာခဲ့ပါတယ်။

အဲဒီတုန်းက ကာတာလန်သတင်းစာ Sport ဘာစီလိုနာဖောင်ဒေးရှင်းနဲ့ ယူနီဆက် UNICEF တို့ ပူးပေါင်းစီစဉ်တဲ့ ပရဟိတပြက္ခဒိန် အတွက် ကမ့်ပ်နူးရဲ့ ဧည့်သည်အဝတ်လဲခန်းထဲမှာ ရိုက်ခဲ့တာပါ။

မိသားစုတွေ ဓာတ်ပုံရိုက်ခွင့်ရဖို့ ကံစမ်းမဲနှိုက်ခဲ့ကြရာမှာ လာမင်းယာမဲလ်ရဲ့ မိခင် ရှီလာ အီဘာနာ ကံစမ်းမဲပေါက်ခဲ့ပြီး၊ ရေဇလား ငယ်လေးထဲက ၅ လသားအရွယ် ယာမဲလ်လေးကို ရေချိုးပေးနေတဲ့ အသက် ၂၀ အရွယ် မက်ဆီနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒီကလေးငယ်ဟာ ဘာစီလိုနာရဲ့ နောက်ထပ် ဘောလုံးပါရမီရှင် ဖြစ်လာမယ်လို့ ဘယ်သူမှ မသိခဲ့ကြပါဘူး။

ဘောလုံးသမိုင်းမှာ အဖိုးတန်ဆုံးဖြစ်လာမယ့် ဒီဓာတ်ပုံကို ဘယ်သူမှ မမျှော်လင့်ထားတဲ့အရာတွေနဲ့ မွန်ဖော့ ဖော်ပြနိုင်ခဲ့ပါတယ်။

သတင်းဓာတ်ပုံရိုက်ကူးသူတစ်ယောက်အနေနဲ့ ပြန်တွေးကြည့်ရင် ဂျိုအန် မွန်ဖော့ နှိပ်လိုက်တဲ့ အဲဒီနေ့က ရှတာခလုတ်ဟာ သာမန် ပရဟိတဓာတ်ပုံတစ်ပုံကို ဖမ်းယူခဲ့တာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးလောကရဲ့ နှစ်ပေါင်း ၂၀ စာ အနာဂတ် ရာဇဝင်ကို ကြိုတင် မှတ်တမ်းတင်လိုက်တာ ဖြစ်ပါတယ်။

မက်ဆီရဲ့လက်ထဲမှာ ရယ်မောနေခဲ့တဲ့ စပိန်နိုင်ငံသား ကလေးငယ်လေးဟာ ဒီနေ့ခေတ် စပိန်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့တဲ့ လာမင်း ယာမဲလ် ဖြစ်နေတာကတော့ တကယ့်ကို ဒရာမာဆန်လှတဲ့ ကံကြမ္မာပါပဲ။

ဒီဆန်းကြယ်တဲ့ ဓာတ်ပုံကို ယာမဲလ်ရဲ့ မိသားစုက ကာလကြာရှည်စွာ ၁၇ နှစ်နီးပါး လျှို့ဝှက်ပြီး ဖျောက်ထားခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကစားသမားဘဝ စတင်ချိန်မှာတင် မက်ဆီနဲ့ အမြဲတမ်း နှိုင်းယှဉ်ခံနေရမှာစိုးလို့ပါလို့ ယာမဲလ်ကိုယ်တိုင် ဖွင့်ဟခဲ့ဖူးပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ ဘာစီလိုနာရဲ့ ကမ္ဘာကျော် လာမာစီယာအကယ်ဒမီကျောင်းတော်ကြီးကနေ မတူညီတဲ့ လမ်းကြောင်း တွေနဲ့ ကမ္ဘာကျော်လာခဲ့ကြတာပါ။ မက်ဆီကတော့ အသက် ၁၃ နှစ်အရွယ်မှာ အာဂျင်တီးနားကနေ ရောက်လာပြီး သူ့ရဲ့ ဂန္ဓဝင် ဆန်မှုကို သက်သေပြနှင့်ပြီးပါပြီ။

ယာမဲလ်ကတော့ စပိန်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ရိုကာဖွန်ဒါ ရပ်ကွက်လေးထဲကနေ အသက် ၇ နှစ်အရွယ်မှာ လာမာစီယာရဲ့ ကင်းထောက်တွေ မျက်စိကျခြင်းခံခဲ့ရတာကနေ ဒီနေ့ခေတ်မျိုးဆက်သစ်တွေကို ဦးဆောင်မယ့်သူ ဖြစ်လာပါတယ်။

မကြာသေးခင်ကပဲ မက်ဆီကိုယ်တိုင်လည်း “ဒါဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ တိုက်ဆိုင်မှုပါပဲ” လို့ အံ့အားသင့်စွာ မှတ်ချက်ပေးခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဓာတ်ပုံဆရာ မွန်ဖော့ရဲ့ အိမ်တွင်းဖြစ် ပလတ်စတစ် ရေကန်ပြာလေးထဲမှာ ဆုံခဲ့ဖူးတဲ့သူ နှစ်ယောက် ဟာ အခုတော့ မိမိတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပခုံးပေါ်တင်ပြီး ကမ္ဘာ့အမြင့်ဆုံး ဗိုလ်လုပွဲစင်မြင့်ထက်မှာ ကမ္ဘာကြီးကို ကိုင်လှုပ်ဖို့ ရင်ဆိုင်ကြရတော့မှာပါ။

ဂျိုအန် မွန်ဖော့ရဲ့ ကင်မရာဖလက်ရှ်မီးအောက်မှာ မထင်မှတ်ဘဲ စတင်ခဲ့တဲ့ ဒီဇာတ်လမ်းဟာ မနက်ဖြန်မှာတော့ ကမ္ဘာ့ဘောလုံး လောက ရဲ့ ရာဇပလ္လင်ကို လွှဲပြောင်းပေးမယ့် ပွဲအဖြစ် သမိုင်းတွင်ကျန်ရစ်တော့မှာပါ။

ပွဲအပြီးမှာ ဘယ်သူပဲ အောင်ပွဲခံခွင့်ရပါစေဒါဟာ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ ဒဏ္ဍာရီတစ်ခုရဲ့ အဆုံးသတ်ဖြစ်ပြီး၊ ခေတ်တစ်ခေတ်ရဲ့ ရာဇဝင်ကို နောက်ထပ်ပေါ်ထွန်းလာမယ့် မျိုးဆက်သစ်ဆီ ခမ်းနားထည်ဝါစွာ လက်ဆင့်ကမ်းပေးလိုက်တဲ့ သမိုင်းဝင် ဂန္ထဝင်မြောက် အခိုက်အတန့်အဖြစ် ကမ္ဘာ့ဘောလုံးသမိုင်းမှာ ထာဝရ ရှင်သန်နေဦးမှာပဲ ဖြစ်ပါတော့တယ်။

By – အမိုး

Show More

Leave a Reply

Back to top button