မဲဇာ ထိန်းချုပ်ပြီးနောက် စစ်တပ်က မဲဇာတောင်ဘက်ခြမ်းကို စစ်ကြောင်းဆက်ထိုး

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် အင်းတော်မြို့နယ်က မဲဇာစံပြကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ကျေးရွာတောင်ဘက်ခြမ်းရှိ ကြိမ်ချောင်းရွာဘက်ကို စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေပြောပါတယ်။

စစ်တပ်ဟာ ရွှေဘို–မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ ဆက်စပ်တဲ့ အချက်အချာနေရာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက် ဒီမနက်ရရှိထားတဲ့ အချက်အလက်တွေအရ စစ်တပ်စစ်ကြောင်းဟာ ဥသျှစ်ကုန်းကျေးရွာကနေ မနက် ၄ နာရီခန့်မှာ ထွက်ခွာလာပြီး မဲဇာတောင်ဘက်၊ ကျောင်းကုန်းဘက်ကိုဦးတည်ကာ ကြိမ်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးနေတယ် လို့ သိရပါတယ်။

“ဥသျှစ်ကုန်းကနေ မနက် ၄ နာရီကထွက်တယ်တဲ့။ ကြိမ်ချောင်းရွာဘက်။ မဲဇာတောင်ဘက် ကျောင်းကုန်းဘက်ကနေ ဦးတည်နေတာ။ မဲဇာက ၉ ရက်နေ့ကတည်းက ထိန်းချုပ်သွားတာ။ မဲဇာကနေဆက်ပြီးတော့ သူတို့အခု တောင်ဘက်ကို စစ်ကြောင်းထိုးနေကြတာ”လို့ စစ်ရေးအခြေနေသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

လက်ရှိ စစ်ကြောင်းဟာ ဘယ်ဒေသကို အဓိကဦးတည်နေသလဲဆိုတာ မသေချာသေးပေမဲ့ ကျောင်းကုန်း၊ ထီးချိုင့်–အင်းတော် လမ်းဆုံဘက်ကို ဦးတည်နေပြီး ဗန်းမောက်တောင်ပိုင်းက ရွှေထွက်ရှိရာဒေသတွေဘက်ကိုလည်း လှည့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

အဲဒီဒေသခံရဲ့ ပြောဆိုချက်အရ အင်းတော်မြို့နယ်တောင်ဘက်က ကားလမ်းပိုင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ် ထားတာကြောင့် စစ်တပ်အနေနဲ့ ရွှေဘို–မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနိုင်တယ်လို့ ယူဆထားကြတာပါ။

ဒါ့အပြင် ထီးချိုင့်ဘက်ကနေ စစ်တပ်ရဲ့ နောက်ထပ်စစ်ကြောင်းတွေ ထွက်လာခြင်းရှိ၊ မရှိဟာလည်း စောင့်ကြည့်ရမယ့် အချက် တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

PSA

ဒါ့အပြင် ထီးချိုင့်ဘက်ကနေ စစ်ကြောင်းတွေ ထွက်လာမယ်ဆိုရင် ကျောင်းကုန်းလမ်းဆုံနဲ့ အနီးဝန်းကျင်လမ်းပိုင်းတွေကို ထိန်းချုပ်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့ အထက်ပါဒေသခံက သုံးသပ်ပါတယ်။

“တစ်ချက်စောင့်ကြည့်ရမှာက ထီးချိုင့်ကနေ စစ်ကြောင်းတွေ ထွက်လာလားပေါ့လေ။ ထွက်လာတယ်ဆိုရင်တော့ သေချာပေါက် ကျောင်းကုန်းလမ်းဆုံတို့ဘာတို့ တစ်လျှောက်ကို ထိန်းချုပ်ဖို့အတွက် လုပ်မှာပေါ့လို့။”

အင်းတော်မြို့နယ်အတွင်း မဲဇာစံပြကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ်က ထိုးစစ်ဆင်လာတာဟာ အောက်တိုဘာ ၆ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ် လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်မှာ မဲဇာနဲ့ သံဘိုကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မဲဇာကျေးရွာအတွင်း နေအိမ်မီးလောင်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုတွေကြောင့် မဲဇာကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာ ၈ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရပြီး အင်တာနက်နဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် မြေပြင်အခြေအနေကို အဆက်အသွယ်ရယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

မဲဇာစံပြကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး မန္တလေး–ရွှေဘို–မြစ်ကြီးနား ရထားလမ်းပေါ်မှာ တည်ရှိတဲ့ အချက်အချာကျတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။ 

ဒါ့အပြင် ရွှေဘို–မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ ဆက်စပ်နေတဲ့အတွက် အင်းတော်တောင်ပိုင်းနဲ့ အနီးဝန်းကျင်ဒေသတွေရဲ့ သွားလာရေး၊ စစ်ရေးလှုပ်ရှားမှုတွေအတွက်လည်း အရေးပါနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်က KNG ဖော်ပြခဲ့တဲ့ သတင်းမှာလည်း မန္တလေးဘက်ကနေ မြောက်ဘက်ကို ဦးတည်လာတဲ့ စစ်ယာဉ်တန်း အစီး ၃၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်တလော မဲဇာနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ဖြစ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အဲဒီစစ်ယာဉ်တန်းနဲ့ ဆက်စပ်တဲ့ ထိုးစစ်လှုပ်ရှားမှုတွေဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ဒီစစ်ကြောင်းတွေစစ်ရေးလှုပ်ရှားလာတဲ့ ကသာ–အင်းတော်လမ်းပိုင်းမှာ နှစ်ဖက်တပ်တွေအကြားအပြန်အလှန်တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ဒီနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေတယ်လို့သိရပေမဲ့ KNG က အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button