မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ယာဉ်တန်းနဲ့အတူ ကုန်ကားတွေပါ ချောဆွဲခံရ
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်–ကသာလမ်းပိုင်းကို ဖြတ်သန်းပြီး မြစ်ကြီးနားဘက်ကို ဦးတည်လာတဲ့ စစ်ယာဉ်တန်းတွေနဲ့အတူ အရပ်သားပိုင် ကုန်တင်ကားတွေပါ ချောဆွဲခံရကာ လိုက်ပါသွားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးမြို့ဘက်ကနေ မြောက်ဘက်ကိုဦးတည် တက်လာတဲ့ စစ်ယာဉ်တန်းမှာ ၁၂ ဘီးကားတွေလည်း ပါဝင်ပြီး တချို့ယာဉ်တွေဟာ မော်လူးဒေသကို ရောက်ရှိနေသလို တချို့ကတော့ အဲဒီဒေသကို ကျော်ဖြတ်သွားပြီလို့ ထီးချိုင့်–ကသာ လမ်းပိုင်းက ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ယာဉ်တန်းကတော့ ၈၀ ကျော်တယ်လို့ သိရပါတယ်ဗျ။ ၁၂ ဘီးကားတွေပါသေးတယ်ဗျ။ မနေ့က မနက်ပိုင်းက တက်သွားတဲ့ ယာဉ်တန်းတွေပါပဲ။ တချို့က မော်လူးရောက်တယ်၊ တချို့က ကျော်သွားပြီ။ အကုန်လုံးတော့ ဆက်တိုက်မတက်သွားဘူး။ တချို့က သက်သက်ချန်ထားခဲ့တာ။”လို့ ပြောပါတယ်။
လက်ရှိ စစ်ယာဉ်တန်းဟာ တစ်စုတစ်စည်းတည်း သွားနေတာမျိုးမဟုတ်ဘဲ ယာဉ်တချို့ကို လမ်းတစ်လျှောက် ချန်ထားခဲ့ တာတွေလည်းရှိတယ်လို့ အဲဒီကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
တစ်ဖက်မှာလည်း အဲဒီစစ်ယာဉ်တန်းနဲ့အတူ အရပ်သားပိုင် ကုန်တင်ကားတွေပါ ချောဆွဲခံရပြီး စစ်တပ်အရာရှိတစ်ဦးရဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူပေးခဲ့ရတယ်လို့ ကုန်ကားသမားတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဒေသခံရဲ့ ပြောပြချက်အရ ကုန်ကားသမားတချို့ဟာ မြစ်ကြီးနားကို ဘိလပ်မြေသယ်ယူပို့ဆောင်ရမယ်လို့ အကြောင်းပြပြီး ခေါ်ယူခံခဲ့ရတာဖြစ်ပေမဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ဘက်ကို ရောက်ရှိချိန်မှာတော့ စစ်တပ်အရာရှိတစ်ဦးရဲ့ အိမ်ဆောက် ပစ္စည်းတွေ သယ်ယူပေးရမယ်ဆိုတာ သိရှိခဲ့ရတာဖြစ်ပါတယ်။
“ကားတွေချောဆွဲခံရတဲ့ထဲမှာ ကျွန်တော့်အမတွေလည်း ပါသွားတယ်။ ကားပိုင်ရှင်တစ်ယောက်က မြစ်ကြီးနားကို ဘိလပ်မြေ တိုက်ရမယ်ဆိုပြီး ခေါ်လို့ မတ္တရာကို သွားလိုက်ကြတာ။ ဟိုလည်းရောက်ရော စစ်ဗိုလ်တစ်ယောက်ရဲ့ အိမ်ဆောက်ပစ္စည်းတွေ တိုက်ရတာတဲ့။ အဲဒီအချိန်ကျမှ သိရတာ။ ပြန်လှည့်လို့လည်း မရတော့ဘူး။”လို့ချောဆွဲခံရတဲ့ကားသမားနဲ့ဆက်စပ်တဲ့ မိသားစုဝင်တစ်ဦးကပြောပြပါတယ်။
အဲဒီအချိန်မှ အခြေအနေမှန်ကို သိရှိခဲ့ရပေမဲ့ ပြန်လှည့်ဖို့ အခက်အခဲရှိခဲ့တာကြောင့် စစ်ယာဉ်တန်းနဲ့အတူ ဆက်လက်လိုက်ပါခဲ့ရ တယ်လို့ ဆိုပါတယ်။

အဆိုပါဒေသခံက သူ့မိသားစုဝင်တွေလည်း အဲဒီကုန်ကားတွေနဲ့အတူ ပါသွားတယ်လို့ ပြောပေမဲ့ လက်ရှိမှာ ကုန်ကားတွေရဲ့ တည်နေရာနဲ့ လိုက်ပါသွားသူတွေရဲ့ အခြေအနေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အောက်တိုဘာ ၁၁ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အဲ့ဒီစစ်ယာဉ်တန်းထဲက စစ်တပ်ရဲ့ Jammer ကားတစ်စီးကို FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး မီးလောင်သွားတယ်လို့လည်း ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
တစ်ဖက်မှာ အဆိုပါ စစ်ယာဥ်တန်းတွေတက်မလာခင်ကတည်းက လမ်းကြောင်းရှင်းဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ခြေလျင် စစ်ကြောင်းတွေနဲ့လည်း ပြီးခဲ့တဲ့ အပတ်ကစလို့ အင်းတော်မြို့နယ်မှာ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေလည်း ပြင်းထန်နေကြ ပါတယ်။
အခုလို စစ်တပ်ဘက်က စစ်ယာဥ်တန်းတွေ ကချင်ပြည်နယ်ကိုဦးတည်တာ အခုမှပထမဆုံးတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်အစ စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်အပါအဝင် ထီးချိုင့်၊တကောင်းစတဲ့ဒေသတွေကို စစ်တပ်က ထိန်းချုပ်ပြီး တဲ့နောက် ဆက်တိုက်ဆိုသလို ကချင်ပြည်နယ်ကို အခုလိုပဲ စစ်ယာဥ်တန်းတွေဝင်ရောက်ခဲ့တာပါ။
ဒီတစ်ကြိမ်စစ်ယာဥ်တန်းတွေဝင်ရောက်လာတာနဲ့ စစ်ကြောင်းထိုးလာတဲ့ ရည်ရွယ်ချက်က ဘယ်လိုကြောင့်ပါလဲ။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကအခုလိုပြောပါတယ်။
“ အတိအကျတော့ ကျွန်တော်လဲ မသိရပါဘူး ။အဓိကကတော့ လူအင်အား လက်နက်အင်အားပါဗျ။ အဓိကကတော့ သူတို့ အရင်က ထိုင်ခဲ့တဲ့နေရာတွေကို အရယူမယ်လို့ သူတို့က ကြွေးကြော်ထားတာရှိတယ်ဗျ။ ဒါ့အပြင် နယ်မြေခံတပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်းကြောင်းကိုလဲ ပိတ်ချင်လို့ လုပ်နေတာပါ”လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ ဝင်က သုံးသပ်ပါတယ်။
တစ်ဖက်မှာလည်း အောက်တိုဘာ ၁၀ ရက် ကသာခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်တဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ယာဉ်တန်းသွားလာမှုတွေကြောင့် ဒေသခံပြည်သူတွေအတွက် အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေကို သတိပေးထားပါတယ်။
ဒါကြောင့် စစ်ယာဉ်တန်း ဖြတ်သန်းသွားလာနေတဲ့ လမ်းပိုင်းတစ်လျှောက်မှာ အရပ်သားတွေရဲ့ သွားလာရေးနဲ့ လုံခြုံရေးအခြေအနေကိုလည်း စိုးရိမ်စရာရှိနေတာကြောင့် သွားလာရန်မသင့်တော်ကြောင်း ကသာခရိုင်တပ်ရင်း ၁ က ထုတ်ပြန်သတိပေးထားပါတယ်။
ဒီနှစ်အတွင်း မန္တလေး–မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက် စစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ယာဉ်တန်းတွေ မြောက်ဘက်ကို အကြိမ်ကြိမ်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလအစပိုင်း စစ်ယာဥ်တန်းရာနဲ့ချီတက်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ မေလ ၃၁ ရက်ကလည်း ယာဉ်အစီး ၂၀၀ ခန့်ပါဝင်တဲ့ စစ်ယာဉ်တန်းတစ်ခု ၊ ဇွန်လအတွင်းမှာလည်း စစ်ယာဥ်တန်းရာနဲ့ချီ မြစ်ကြီးနားဘက်ကို သုံးကြိမ်တိုင်တိုင်ရောက်ရှိခဲ့ပြီးဖြစ်ပါ တယ်။
အဲဒီယာဉ်တန်းနဲ့အတူ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေလည်း လိုက်ပါခဲ့တယ်လို့ KNG က ဖော်ပြခဲ့ပါသေးတယ်။
လက်ရှိ စစ်ယာဉ်တန်းတွေဟာ မန္တလေး–ထီးချိုင့်–ကသာ–အင်းတော်–မော်လူးလမ်းကြောင်းအတိုင်း မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပြီး ယာဉ်တန်းနဲ့အတူ အရပ်သားပိုင် ကုန်ကားတွေပါ ချောဆွဲခံရတဲ့အခြေအနေကြောင့် ကုန်ကားသမားတွေနဲ့ လိုက်ပါသွားသူတွေရဲ့ လုံခြုံရေးအခြေအနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
By – အမိုး




